Border News Agency
နေပြည်တော်၊ မေ ၂၁။
မြန်မာနိုင်ငံတဝှမ်းလုံးမှာ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်ညှဉ်းပန်းတာ၊ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မလူစုဆောင်းတာတွေ ပြုလုပ်နေပါတယ်။
ဒါ့အပြင် ရှေ့တန်းစစ်မျက်နှာပြင်တွေမှာလည်း ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာ စတဲ့ကျူးလွန်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
အခုလိုအခြေအနေမျိုးမှာ စစ်တပ်အရာရှိနဲ့ စစ်သည်တွေအနေနဲ့ ပြည်သူအပေါ်ဆက်ဆံတဲ့အခါ ကျင့်ဝတ်အတိုင်းပြုမူကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်သစ်ရဲဝင်းဦးက ပြောပါတယ်။
မေလ ၂၀ ရက်နေ့က ကလောမြို့မှာရှိတဲ့ စစ်တပ်သင်တန်းကျောင်းတခုမှာ နည်းပြတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို တွေ့ဆုံစဉ်မှာ သူက အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။
ရဲဝင်းဦးက တပ်မှူးတွေအနေနဲ့ မိမိတပ်က အရာရှိ၊ စစ်သည်တွေ ပြည်သူနဲ့ထိတွေ့ဆက်ဆံတဲ့အခါ ပြည်သူလူထုက အထင်အမြင်လွဲမှားစေမယ့် ကိစ္စတွေမဖြစ်အောင် ကြပ်မတ်ဖို့လိုပြီး ပြဋ္ဌာန်းထားတဲ့ဆောင်ရန်၊ ရှောင်ရန်အချက်တွေအပြင် ပြည်သူအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ် ၁၀ ပါးအတိုင်း ပြုမူဖို့လိုတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေ လုယက်တာ၊ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဓမ္မကောက်ခံတာနဲ့ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရသိရပါတယ်။
ဒါ့အပြင် စစ်တပ်ခေါင်းဆောင်ပိုင်းအနေနဲ့ လက်အောက်ငယ်သားတွေက မိမိအပေါ် ယုံကြည်မှုရှိလာအောင် လုပ်ဆောင်ရမှာဖြစ်သလို၊ တပ်မှူးဆိုတာ အမုန်းခံရမှာဖြစ်ပြီး ပြောစရာရှိရင် ပြော၊ အရေးယူစရာရှိရင် ယူ၊ ချီးမြှင့်စရာရှိရင် ချီးမြှင့်ရမှာလို့ ရဲဝင်းဦးကဆိုပါတယ်။
အခုလိုစည်းကမ်းနဲ့ ကျင့်ဝတ်တွေအကြောင်းပြောနေပေမယ့်လည်း လက်တွေ့မြေပြင်မှာတော့ တိုက်ပွဲတွေထဲအရေးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကိုပဲ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။





