Border News Agency
မီဇိုရမ်၊ မေ ၂၁။
မီဇိုရမ်ပြည်နယ်၊ ဆိုင်တွလ်ခရိုင်ရဲတပ်ဖွဲ့ရဲ့ အထူးရဲတပ်ဖွဲ့ဟာ ကေဖန်ကျေးရွာအနီးမှာ အိန္ဒိယရူပီး ၄ ကုဋေ ၉၈ သိန်းကျော်တန်ဖိုးရှိတဲ့ ဟီးရိုးအင်းမူးယစ်ဆေးဝါး ၂ ဒသမ ၄၉၃ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို အာသံပြည်နယ်လိုင်စင်ပါ မော်တော်ယာဉ်တစီးပေါ်ကနေ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ယာဉ်မောင်းနှင်လာသူဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တဦးဖြစ်နေတယ်လို့ သိရပါတယ်။
အထူးရဲတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၀ ရက်၊ မနေ့ညသန်းခေါင်ယံအချိန်က ကေဖန်ရွာအပြင်ဘက်မှာ ရှောင်တခင်စစ်ဆေးမှုတွေလုပ်ဆောင်နေစဉ် မဏိပူရ်ဘက်ကနေ အိုက်ဇောမြို့ဘက်ကိုမောင်းနှင်လာတဲ့ အဖြူရောင် Bolero ကားတစီး လိုင်စင်နံပါတ် AS11 V 6022 ကို သံသယရှိတာကြောင့် မေလ ၂၁ ရက်၊ ဒီနေ့မနက် အစောပိုင်း ၁ နာရီခွဲခန့်မှာ တားဆီးစစ်ဆေးခဲ့တာပါ။
အဲဒီလိုသေချာစစ်ဆေးခဲ့ရာမှာ ကားရဲ့နောက်ဘက်ထိုင်ခုံအောက်မှာ အထူးပြုပြင်ဖန်တီးပြီး ဝှက်ယူလာတဲ့ဆပ်ပြာခွက် ၂၁၀ ခွက်ထဲကနေ အခုလို ဟီးရိုးအင်းမူးယစ်ဆေးဝါးတွေကို ရှာဖွေပုံစံအတိုင်း သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီကားမောင်းလာသူမှာ အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ အသက်မပြည့်သေးသူတဦး ဖြစ်နေတာကြောင့် သူ့ကိုအသက်မပြည့်သေးသူ ကလေးသူငယ်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖမ်းဆီးအရေးယူထားပြီး သူ့ရဲ့ မိခင်ဖြစ်သူဆီသို့လည်း ဖုန်းနဲ့အကြောင်းကြားထားတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
အဲဒီသယ်ဆောင်လာတဲ့ မော်တော်ယာဉ်နဲ့လက်ကိုင်ဖုန်းတို့ကို သိမ်းဆည်းထားပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှုရဲ့ နောက်ကွယ်ကဆက်စပ်နေသူတွေကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့ကကွင်းဆက်တရားခံတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။





