Border News Agency
စစ်ကိုင်း၊မေ ၂၅။
အာဏာသိမ်းစစ်တပ်ဟာနိုင်ငံတကာ စစ်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ်ရေ ၇,၀၅၂ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ ၅ နှစ်တာကာလအတွင်းမှာ အရပ်သားပြည်သူတွေကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို နည်းနာတခုလို အသုံးပြုပြီး ဆိုးဆိုးရွားရွား လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလေကြောင်းရန်ကြောင့် အရပ်သားတွေသေဆုံးတဲ့ဖြစ်စဉ်ထဲမှာစစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ထဲက အိုးထိမ်းကွင်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုက ထိပ်ဆုံးက ပါဝင်နေပါတယ်။
အဲဒီဖြစ်စဉ်ဟာ စစ်ရေးပစ်မှတ် လုံးဝမရှိဘဲ ကလေးတွေ စာသင်ကျောင်းတက်နေတဲ့ အချိန်ကို တိတိကျကျ ရွေးချယ်ပြီး ပေါက်ကွဲမှုအားပြင်းတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မေလအတွင်း အိုးထိမ်းကွင်းကျေးရွာက စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာ အသက် ၁၆ နှစ်အောက် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနဲ့ ကျောင်းဆရာမ ၂ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ၄၀ ထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒါဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို လျစ်လျူရှုရုံတင်မကဘဲ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု (သို့မဟုတ်) လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့လည်း ထောက်ပြထားပါတယ်။
အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလိုရက်စက်တဲ့ ဖြစ်စဉ်တွေကို ချက်ချင်းရပ်တန့်သွားစေဖို့အတွက် အရေးတကြီး တွန်းအားပေး လုပ်ဆောင်ဖို့ လိုနေပြီလို့လည်းဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဆီလက်နက်တင်သွင်းမှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်မယ့် မူဝါဒတွေချမှတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားကန့်သတ်နိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံး ရှာဖွေပေးတာတွေကိုလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေကတောင်းဆိုထားကြပါတယ်။






