Border News Agency
ဘန်ကောက်၊ ဇူလိုင် ၁၅။
မြန်မာ၊လာအိုနဲ့ဗီယက်နမ်နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်သက်တမ်းကို နောက်ထပ်တနှစ် ထပ်တိုးပေးဖို့ ထိုင်းအစိုးရအဖွဲ့ကဇူလိုင်လ ၁၄ ရက်နေ့ မှာအတည်ပြုလိုက်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။
အဲဒီလိုတိုးမြှင့်ပေးတာဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ထိခိုက်မှုတွေကို လျှော့ချဖို့နဲ့ လုပ်ငန်းခွင်တွေမှာ လုပ်သားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။
မူလကတော့ ရွှေ့ပြောင်းလုပ်သားခုနှစ်သိန်း ခုနှစ်သောင်းနီးပါးဟာ ၂၀၂၆ ခုနှစ်၊ဒီဇင်ဘာ ၁၁ ရက်အထိပဲ အလုပ်လုပ်ခွင့် ရရှိထားကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် လုပ်သားတချို့ဟာ ပတ်စ်ပို့နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အချိန်မီ မလုပ်နိုင်ကြတာကြောင့် တရားမဝင် ဖြစ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ အခုလို ၂၀၂၇ ခုနှစ်၊ဒီဇင်ဘာ ၁၁ ရက်အထိ သက်တမ်း ထပ်တိုးပေးလိုက်တာပါ။
ပတ်စ်ပို့ မရသေးတဲ့ လုပ်သားတွေကို ယာယီအလုပ်လုပ်ခွင့် ကတ်ပြား (Form BT. 62) ထုတ်ပေးသွားမှာ ဖြစ်ပြီး အချက်အလက်တွေကို သတ်မှတ်ချက်အတိုင်း စနစ်တကျ လိုက်နာလုပ်ဆောင်ကြဖို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနက သတိပေးထားပါတယ်။










