Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၁။
မြန်မာနိုင်ငံမှာအမျိုးသမီးတွေဟာ အခကြေးငွေမရတဲ့ အိမ်တွင်းပြုစုစောင့်ရှောက်ရေးတာဝန်တွေကို အမျိုးသားတွေထက်နှစ်ဆနီးပါးပိုမိုထမ်းဆောင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) တို့ရဲ့ သုတေသနအစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
ကလေးထိန်းတာ၊သက်ကြီးရွယ်အိုနဲ့ လူမမာပြုစုတာ၊ချက်ပြုတ်လျှော်ဖွပ်တာစတဲ့ အိမ်ထောင်မှုကိစ္စတွေအတွက် အမျိုးသမီးတွေဟာတနေ့ကို အချိန်အများကြီးပေးနေရပေမဲ့ ဘာအခကြေးငွေမှ မရကြပါဘူး။
ခုလက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့ ကုန်ဈေးနှုန်းတက်တာတွေကြောင့်လည်း ဒီဝန်ထုပ်ဝန်ပိုးဟာ ပိုပြီးကြီးမားလာတာပါ။
အဲဒီအပြင်မိသားစုစားဝတ်နေရေးခက်ခဲလာချိန်မှာ အိမ်ထောင်ရှင်မတွေဟာ အိမ်တွင်းစီမံခန့်ခွဲဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့ အချိန်နဲ့အင်အားကို အရင်ကထက်ပိုစိုက်ထုတ်နေရတယ်လို့ ဆိုပါတယ်။
ဒီလိုအခကြေးငွေမရတဲ့ အိမ်တွင်းတာဝန်တွေကိုပဲပိနေတာကြောင့် အမျိုးသမီးတွေမှာ ပြင်ပအလုပ်အကိုင်ဝင်ရောက်ခွင့်နဲ့ ကိုယ်ပိုင်ဝင်ငွေရှာနိုင်တဲ့ အခွင့်အလမ်းတွေဆုံးရှုံးနေရပါတယ်။
ကိုယ်ပိုင်တိုးတက်ရေး၊ပညာသင်ယူရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့အချိန်မရှိတော့ဘဲ စီးပွားရေးအရ အခြားသူကိုမှီခိုနေရသူတွေအဖြစ် ကျန်ရစ်နေရတာပါ။
အဲဒီအပြင်အနားယူချိန်နည်းပါးပြီး စိတ်ဖိစီးမှုတွေကြား လုပ်အားပေးနေရလို့ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေပါ ထိခိုက်လာရပါတယ်။
ဒါပေမယ့်လူအဖွဲ့အစည်းက ဒီပေးဆပ်မှုတွေကို မဖြစ်မနေလုပ်ရမယ့်တာဝန်တခုလိုပဲ သာမန်သဘောထားကြလို့ အမျိုးသမီးတွေရဲ့လုပ်အားဟာ အသိအမှတ်ပြုမခံရသေးပါဘူး။
ဒါကြောင့် အခကြေးငွေမရတဲ့ပြုစုစောင့်ရှောက်ရေးအလုပ်တွေကို အမျိုးသားတွေပါ မျှဝေထမ်းဆောင်ကြဖို့ UN က တိုက်တွန်းထားပါတယ်။
အမျိုးသမီးတွေရဲ့ အိမ်တွင်းလုပ်အားကို တန်ဖိုးထားအသိအမှတ်ပြုပေးပြီး ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးမှသာ အမျိုးသမီးတွေရဲ့လူမှုစီးပွားဘဝနဲ့ တန်းတူညီမျှခွင့်တွေ တိုးတက်လာမှာဖြစ်ပါတယ်။










