Border News Agency
ရန်ကုန်၊စက်တင်ဘာ ၁။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်ဝင်ငွေလုံးဝမရှိဘဲဖြစ်နေကြတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) တို့ရဲ့ သုတေသနအစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
အဲဒီစာရင်းဟာ အမျိုးသားတွေထက်နှစ်ဆနီးပါးမြင့်မားနေတာဖြစ်ပြီး လုပ်ငန်းခွင်ပြင်ပမှာရှိတဲ့ အမျိုးသမီး ၁၀ ဦးမှာ ၈ ဦးနီးပါးက အခကြေးငွေမရတဲ့ အိမ်မှုကိစ္စနဲ့မိသားစုပြုစုစောင့်ရှောက်ရေးတာဝန်တွေကို ပိုမိုထမ်းပိုးနေရတာကြောင့်လို့ ဆိုပါတယ်။
ပဋိပက္ခပြင်းထန်တဲ့ဒေသတွေမှာ အမျိုးသားတွေရဲ့အလုပ်အကိုင်ရရှိမှု ၈၂ ရာခိုင်နှုန်းရှိပေမဲ့ အမျိုးသမီးတွေမှာတော့ ၆၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ကယားပြည်နယ်ဟာ ကျား၊ မ အလုပ်အကိုင်ကွာဟချက် အကြီးမားဆုံးဖြစ်နေတာပါ။
အဲဒီအပြင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃.၇ သန်းကျော်ထဲမှာလည်း ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ကြပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးထက်ဝက်ကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
လက်ရှိမှာ UNDP နဲ့ UN Women တို့က အမျိုးသမီးတွေကို စီးပွားရေးဆိုင်ရာမတည်ရန်ပုံငွေတွေနဲ့ သင်တန်းတွေပံ့ပိုးပေးနေပေမဲ့ အမျိုးသမီးတွေရဲ့ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရင်းနှီးမြှုပ်နှံပေးဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။







