Border News Agency
မလေးရှား၊အောက်တိုဘာ ၂၈။
မလေးရှားနိုင်ငံမှနေရပ်သို့ ပြန်လည်ပို့ဆောင်လိုက်တဲ့မြန်မာဒုက္ခသည် ၁,၇၀၀ ထဲက၃၀၀ နီးပါးကို ရန်ကုန်မြို့ရှိ အာဏာသိမ်းစစ်တပ်စခန်းတခုမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းတွေနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဒါတိုးဆရီ မိုဟာမက်ဟာဆန်က ပြောပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့က မလေးရှားလွှတ်တော်မှာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာတဲ့ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးအပါအဝင် ဒုက္ခသည် ၃၀၀ နီးပါး စစ်တပ်ရဲ့ထိန်းသိမ်းတာကိုခံနေရတဲ့ သတင်းတွေပတ်သက်လို့ လွှတ်တော်အမတ်တဦးရဲ့မေးမြန်းမှုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုးဆရီ မိုဟာမက်ဟာဆန် က မြန်မာနိုင်ငံသား ၁,၇၀၀ နီးပါးမှာဆန္ဒအလျောက် ပြန်သွားကြတာဖြစ်ပြီး မြန်မာဘက်ကလည်း ဘေးကင်းလုံခြုံရေးအတွက် အာမခံထားပေမယ့် ခုလိုဖမ်းဆီးခံထားရတဲ့ သတင်းတွေကြောင့် မြန်မာနိုင်ငံရှိ မလေးရှား သံရုံးယာယီတာဝန်ခံမှတဆင့် အခြေအနေမှန်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပေးထားတဲ့ကတိကဝတ်တွေကို လေးစားလိုက်နာဖို့အာဏာသိမ်းစစ်တပ်ဆီ ရှင်းလင်းချက်တောင်းဆိုသွားမယ်လို့လည်းဆိုပါတယ်။
မလေးရှားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးစခန်း ၁၄ ခုမှာထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာရေတပ်သင်္ဘောသုံးစီးနဲ့ ပထမအဆင့်နေရပ်ပြန်ပို့ရေးအစီအစဉ်အဖြစ် စတင်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။







