Border News Agency
ရန်ကုန်၊နိုဝင်ဘာ ၂။
ဈေးကွက်မှာရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကိုစစ်ဆေးခဲ့ရာ ကျန်းမာရေးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းပါဝင်နေတဲ့ “Sweet/ Doraemon Lip tints (အနီပုဒ်)”နှုတ်ခမ်းနီကို လုံးဝမသုံးစွဲကြဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးနှိုးဆော်ထားပါတယ်။
အဲဒီနှုတ်ခမ်းနီမှာ စာရင်းမှတ်ပုံတင်ထားတာမရှိတဲ့အပြင် သုံးစွဲသူတွေကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတ်ပစ္စည်း Rhodamine B ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
ဒီလိုတားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေကိုသုံးစွဲရင် အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာအပြင် ခန္ဓာကိုယ်သို့စုပ်ယူမိရင် ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ခေါင်းကိုက်တာနဲ့ ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာတွေဖြစ်ပွားနိုင်ပါတယ်။
အဲဒီအပြင်တင်သွင်းဖြန့်ဖြူး ရောင်းချသူတွေအနေနဲ့လည်း မှတ်ပုံတင်ထားတာမရှိဘဲသုံးစွဲဖို့ မသင့်တဲ့အလှကုန်တွေကို ရောင်းချတာမလုပ်ကြဖို့နဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဈေးကွက်စစ်ဆေးမှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။







