Border News Agency
ကျိုင်းတုံ၊ နိုဝင်ဘာ ၂။
ရှမ်းပြည်အရှေ့ပိုင်း၊ကျိုင်းတုံမြို့မှာ ငွေကျပ်တထောင့်တရာနှစ်ဆယ့်ခုနှစ်သိန်းကျော် တန်ဖိုးရှိထိန်းချုပ်ဓာတုပစ္စည်းတွေကိုအမျိုးသားတဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျိုင်းတုံမြို့၊ အမှတ် ( ၁) ရပ်ကွက်ရှိစိုင်းဝင်းအောင်ဆွေ ရဲ့ နေအိမ်ကို အောက်တိုဘာလ ၃၁ ရက်နေ့ကဝင်ရောက်ရှာဖွေခဲ့ရာမှ ထိန်းချုပ်ဓာတုပစ္စည်းတွေကိုသိမ်းဆည်းခဲ့တာပါ။
သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ ကဖင်း ခြောက်ရာနှစ်ဆယ့်ငါး ကီလို (ကာလတန်ဖိုး ကျပ်ခြောက်ရာနှစ်ဆယ့်ငါးသိန်း)၊ ဆူဒိုအက်ဖီဒရင်း လေးရာပြား (ကာလတန်ဖိုးကျပ်နှစ်သိန်း) နဲ့ Ethyl Vanillin တရာ ကီလို (ကာလတန်ဖိုး ကျပ် သိန်း ငါးရာ) တို့ဖြစ်ကြပါတယ်။
အဲဒီအသက် သုံးဆယ့်လေးနှစ်အရွယ် စိုင်းဝင်းအောင်ဆွေကို ကျိုင်းတုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။







