Border News Agency
လယ်ဒို၊ ဇန်နဝါရီ ၂၈။
လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးသေဆုံးပြီး ကလေးသုံးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဇန်နဝါရီလ ၂၇ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီလယ်ဒိုမြို့နယ် ကွီးလါးကျေးရွာကို ဇန်နဝါရီလ၂၅ရက်နေ့၊ ညနေအချိန်ခန့်က စစ်ကော်မရှင်တပ် တောင်ငူလေတပ်မှဂျက်ဖိုက်တာတစီးနဲ့ ဗုံးခြောက်လုံးကြဲချခဲ့လို့ ကွီးလားရွာနေ အသက်ခုနှစ်နှစ်အရွယ် စောအယ်လောလမူးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကွီးလားရွာနေ အသက်ဆယ့်သုံးနှစ်အရွယ် စောအယ်မူးခီသော၊ အသက်ဆယ့်တနှစ်အရွယ် စောအယ်လဲပွယ်မူးနဲ့ အသက်ကိုးနှစ်အရွယ် စောအယ်နားဒိုမူးတို့ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
နောက်ပြီး လူနေအိမ်ငါးလုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းနေထိုင်တဲ့ အရပ်သားပြည်သူလူထုတွေနေထိုင်ရာ နေရာတွေနဲ့ လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးနေရသလို ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေလည်း စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့နေထိုင် နေကြရတယ်လို့ ဆိုပါတယ်။














