Border News Agency
သည်ဟိဂ်၊ ဇန်နဝါရီ ၂၈။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာမြန်မာနိုင်ငံရဲ့လူမျိုးတုံးသတ်ဖြတ်မှု အမှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်က ဇန်နဝါရီလ ၂၇ ရက်၊ မနေ့က နောက်ဆုံးပိတ် လျှောက်လဲချက်ပေးခဲ့ပြီး ရိုဟင်ဂျာတွေအတွက် အရေးကြီးတဲ့ အခွင့်အရေးတောင်းဆိုချက်တွေကို တရားရုံးဆီတင်သွင်းခဲ့ပါတယ်။
မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကြောင့်သာ နိုင်ငံမှာအစွန်းအထင်းဖြစ်ခဲ့ရတာဖြစ်ပြီး ဒီအစွန်းအထင်းကို အမှန်တရားနဲ့တာဝန်ခံမှုတွေကနေတဆင့်ပဲ ပြန်လည်ဆေးကြောနိုင်မှာ ဖြစ်တယ်လို့ ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Mr. Dawda A. Jallow က တရားရုံးမှာ နိဂုံးချုပ်လျှောက်လဲခဲ့တာပါ။
အဲဒီအပြင် မြန်မာနိုင်ငံမှာ ရှိနေသူတွေရော၊ ပြည်ပကိုထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအားလုံးကိုပါ အပြည့်အဝနဲ့တန်းတူညီတူရှိတဲ့ “နိုင်ငံသားဖြစ်ခွင့်”ကို အမြန်ဆုံး ပေးဖို့တရားရုံးမှာ ဂမ်ဘီယာဘက်ကအဓိကတောင်းဆိုချက်အနေနဲ့ တောင်းဆိုခဲ့ပါတယ်။
နောက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွင်းခံခဲ့ရတဲ့ နစ်နာမှုတွေအတွက်လျော်ကြေးပေးဖို့၊ အိမ်ယာနဲ့ မြေယာပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့၊ မိသားစုတွေပြန်လည်ပေါင်းစည်းနိုင်အောင်လုပ်ဆောင်ပေးဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါ ကုစားပေးတာတွေလုပ်ဆောင်ပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။
အဲဒီအပြင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ စစ်တပ်၊ ရဲနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လွတ်လပ်တဲ့တရားရုံးမှာ စစ်ဆေးစီရင်ဖို့ တောင်းဆိုခဲ့ပါတယ်။
နောက်ပြီး အခုချိန်မှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကြီးကြပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးက နိုင်ငံကိုအင်အားသုံးအုပ်ချုပ်နေတဲ့ သံသရာကနေလွတ်မြောက်ဖို့ အမှန်တရားကို ဖော်ထုတ်ပေးဖို့လည်း တင်ပြခဲ့ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက်ဘေးကင်းလုံခြုံပြီး သိက္ခာရှိရှိပြန်လာနိုင်မယ့် ပတ်ဝန်းကျင်ဖန်တီးပေးဖို့ ခွဲခြားဆက်ဆံမှုတွေကနေ ကာကွယ်ပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခွင့်တွေကို အာမခံပေးဖို့ကိုလည်း ဂမ်ဘီယာဘက်က တောင်းဆိုသွားခဲ့ပါတယ်။






