Border News Agency
ပြင်ဦးလွင်၊ စက်တင်ဘာ ၂၃။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်အရှေ့ကျေးရွာအနီးမှာ ဒေသကာလတန်ဖိုး ငွေကျပ်ကိုးဒသမသုံးဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားခြောက်ဆယ့်နှစ်သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာလ ၁၈ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်း သွားရောက်စစ်ဆေးခဲ့တာပါ။
အဲဒီစစ်ဆေးမှုအတွင်း ဝင်းနိုင်ဦး (ခ) ဝင်းနိုင် မောင်းနှင်လာတဲ့ JAC အမျိုးအစား ကုန်တင်မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာမှာ ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားခြောက်ဆယ့်နှစ်သိန်းနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကိုသိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ အသက်ငါးဆယ့်လေးနှစ်အရွယ် ဝင်းနိုင်ဦး (ခ) ဝင်းနိုင်ကို ပိတ်ချင်းမြောင် နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။
မူးယစ်ဆေးဝါးတွေသိုဝှက်သယ်ဆောင်မှုနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်နေသူတွေကို ဆက်လက်ဖော်ထုတ်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့က ကွင်းဆက်တွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။






