Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂၃။
အာရက္ခဒေသမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်ကနေ စက်တင်ဘာလ ၂၂ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးသုံးဆယ်ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
နိုင်ငံတဝှမ်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးရှစ်ဆယ်ကိုးဦးရှိခဲ့ပြီး အဲဒီထဲအာရက္ခဒေသမှာ အမျိုးသမီးသုံးဆယ်ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့တာပါ။
အဲဒီသေဆုံးသူရှစ်ဆယ့်ကိုးဦးရှိခဲ့တာကို အမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီး အဲဒီအထဲက ခုနှစ်ဆယ့်ခြောက်ဦးဟာ လေကြောင်းမှတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၁၀ ရက်နေ့ကလည်း အာရက္ခဒေသသံတွဲမြို့နယ်၊ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးဆယ့်တဦးအပါအဝင် အရက်သားတဆယ့်ခြောက် ဦးသေဆုံးခဲ့ရတာပါ။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရက်နေ့ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်းအာဏာသိမ်းစစ်တပ်ကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းရှစ်ထောင်လေးရာတဆယ့်ရှစ်ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီပြင်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းသုံးသောင်းတထောင်ကိုးရာငါးဆယ့်ကိုးဦးရှိခဲ့ပြီး အဲဒီထဲက တသောင်းလေးထောင်ရှစ်ရာလေးဆယ့်နှစ်ဦးဟာ ထိန်းသိမ်းခံနေရဆဲလို့ဆိုတယ်။










