Border News Agency
ထိုင်း၊ မေ ၂၇။
ထိုင်းနည်းပညာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ မဲဆောက်မြို့ပေါ်က ပစ်မှတ် ၂ နေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး တနှစ်ကိုငွေကြေးလည်ပတ်မှု ဘတ်သန်း ၁၀၀ ကျော်ရှိတဲ့ “betflix-bet5” အွန်လိုင်းလောင်းကစားကွန်ရက်ကို ဖြိုခွင်းလိုက်ပါတယ်။
အဲဒီလောင်းကစားဂိုဏ်းဟာ ဘောလုံးပွဲ၊ စလော့၊ ဘာကာရတ်၊ ငါးပစ်ဂိမ်းနဲ့ ထီအပါအဝင် လောင်းကစားမျိုးစုံကို အွန်လိုင်းကနေလုပ်ကိုင်နေတာဖြစ်ပြီး ငွေကြေးတွေအဆင့်ဆင့်လွှဲပြောင်းဖို့အတွက် လည်ပတ်မှုမရှိတဲ့ ကုမ္ပဏီအမည်ခံဘဏ်အကောင့်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ပထမစီးနင်းမှုနေရာမှာ လောင်းကစားဝိုင်းကရတဲ့ ငွေတွေကိုလိုက်ထုတ်ပေးပြီး အကျိုးအမြတ်ခံစားသူ အသက် ၃၄ နှစ်အရွယ် သီရဖန် ကို ဖမ်းဆီးရမိခဲ့ကာ သူဆီကနေကား ၁ စီး၊ ငွေသား ၁ သန်းကျော်၊ ရွှေ ၄၀ ဘတ်သား၊ ဖုန်း ၁ လုံးနဲ့ ဘဏ်စာအုပ်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင်ဘဏ်အကောင့်ငှားပေးထားသူ အသက် ၅၈ နှစ်အရွယ်အမျိုးသမီး ထစ်အာဖာ နဲ့ ငွေတွေလွှဲပြောင်းထုတ်ယူပေးရသူ အသက် ၃၂ နှစ်အရွယ် သီရဖုန်း တို့ ၂ ဦးကို ဖုန်း ၃ လုံး၊ ဘဏ်စာအုပ် ၃ အုပ်၊ လပ်တော့ ၁ လုံး၊ Hard Drive ၁ ခုတို့နဲ့အတူ ထပ်မံဖမ်းမိခဲ့တာပါ။
ရဲတပ်ဖွဲ့ဟာ ဒီဂိုဏ်းကိုဖမ်းမိဖို့ ရဲဝန်ထမ်းကိုယ်တိုင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ကစားပြီး သေချာအောင်စုံစမ်းခဲ့တာဖြစ်ကာ လက်ရှိမှာတော့ဖမ်းဆီးရမိသူ ၃ ဦးစလုံးကို လောင်းကစားဝိုင်းထောင်မှု၊ ကြော်ငြာမှုနဲ့ ငွေကြေးခဝါချမှုပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။













