Border News Agency
ဂွ၊ဇွန် ၁၆။
အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ရောက်ရှိနေချိန်မှာပဲ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ကျိန္တလီမြို့၊ ရမ္မာကျွန်းရွာကို ဇွန်လ ၁၅ ရက်နေ့က ပေါင် ၅၀၀ ဗုံးသုံးလုံးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို ဒီတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရပြီးကလေးငယ်တွေအပါအဝင်ရှစ် ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ ရမ္မာကျွန်းရွာမှ ၅၀အရွယ် ဦးဝေလင်း နဲ့ အသက် ၃၈နှစ်အရွယ် ဒေါ်သူဇာမိုး တို့သေဆုံးသွားခဲ့ကြပါတယ်။
အဲဒီအပြင် အသက်၇၀ နှစ်အရွယ် ဒေါ်ခင်ဥ၊အသက် ၅၃ နှစ်အရွယ် ဦးကျော်ညွှန့်ဌေး၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်ဖြူ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်စုမြတ်မွန်၊ အသက် ၄၀ နှစ်အရွယ် ဒေါ်အေးသန္တာ၊အသက် ၂၆ နှစ်အရွယ် ကိုအောင်သူရဝင်း၊အသက်၁၂ နှစ်အရွယ်မအေးမြတ်မွန် နဲ့ အသက်၁၁နှစ်အရွယ် မယွန်းအိစံ တို့ ဖြစ်ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၁၄ ရက်နေ့ကလည်း ဂွမြို့နယ်ကိုလေကြောင်းကနေ ၂ ကြိမ်ထိတိုက်ခိုက်ခဲ့သလို ဇွန်လ ၈ ရက်နေ့ကလည်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိရေကြောင်း၊လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






















