Border News Agency
ရသေ့တောင်၊ ဇူလိုင် ၁၅။
ရသေ့တောင်မြို့နယ်မှာ ရေဘေးသင့်အိမ်ထောင်စု ခြောက်ဆယ့်ခုနစ်စုနဲ့ စစ်ရှောင်အိမ်ထောင်စု နှစ်ရာ့ခြောက်စုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ စောမဲကျီဖောင်ဒေးရှင်းပေါင်းပြီး စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပေးခဲ့ပါတယ်။
အဲဒီစောမဲကျီဖောင်ဒေးရှင်းက လှူဒါန်းတဲ့ဆန်ရိက္ခာတွေကို လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ကတဆင့် ထောက်ပံ့ပေးခဲ့တာပါ။
အဲဒီအပြင် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ဗောထီးကိုင်းကျေးရွာရှိ အိမ်ထောင်စုသုံးဆယ့်နှစ်စုအတွက် ဆန်အိတ်သုံးဆယ့်တအိတ်နဲ့ ဆေးခြင်ထောင်လေးဆယ့်ခြောက်လုံး၊ ကင်းပွန်းချောင်းကျေးရွာရှိ အိမ်ထောင်စုသုံးဆယ့်ငါးစုအတွက် ဆန်အိတ်သုံးဆယ့်နှစ်အိတ်နဲ့ ခြင်ထောင်အလုံးငါးဆယ် ထောက်ပံ့ပေးခဲ့ပါတယ်။
နောက်ပြီး ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကာမေစစ်ရှောင်စခန်းက အိမ်ထောင်စုနှစ်ရာ့ခြောက်စုအတွက် ဆန်အိတ်သုံးဆယ့်လေးအိတ်ပေးခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ဆေးဝါးကုသပေးခဲ့ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနဟာ ငှက်ဖျားလူနာကိုးဦးနဲ့ အထွေထွေရောဂါဝေဒနာရှင် နှစ်ဆယ့်ကိုးဦးကို ဆေးကုပေးခဲ့ပြီး ULA/AA လည်း ရေဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့နေပါတယ်။



























