Border News Agency
ထိုင်း၊ ဩဂုတ် ၂၀။
ထိုင်းနိုင်ငံ၊နန်းမြို့ မှာ နန်းမြစ်ရေလျှံတက်လာမှုကြောင့် ဩဂုတ်လ၂၀ ရက်နေ့မှာ မြို့ရဲ့စီးပွားရေးဇုန် အပါအဝင် မြေနိမ့်ပိုင်းဒေသဖြစ်တဲ့ ဖူးမင်း-သာလီရပ်ကွက်အတွင်း ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။
အဲဒီရပ်ကွက်အတွင်း ရေအမြင့် ရေထု ၁ မီတာနီးပါး၊စင်တီမီတာ ၇၀ မှ ၁၀၀ ခန့် အထိမြင့်တက်နေပြီးလမ်းမတွေနဲ့ လူနေအိမ်အချို့ရေလွှမ်းမိုးခံနေရတာပါ။
အဲဒီဒေသဟာ နှစ်စဉ်ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့နေရတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ကဆိုရင် ရေအမြင့်ဟာ အိမ်ခေါင်မိုးအထိရောက်ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ဒါကြောင့်ဒီနှစ်မှာတော့ ဒေသခံတွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ကြိုတင်ရွှေ့ပြောင်းထားကြသလို အိပ်ရာထဲလဲနေတဲ့ လူနာတွေ၊သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို ဘေးလွတ်ရာသို့ကြိုတင်ရွှေ့ပြောင်းထားကြပါတယ်။
အဲဒီရေကြီးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက လိုအပ်တဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။















