Border News Agency
မလေးရှား၊ စက်တင်ဘာ ၁၇။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကလူးအန်ခရိုင်အတွင်း WeChat နဲ့ WhatsApp တို့ကိုအသုံးပြုပြီး တရားမဝင်လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးနေတဲ့အဖွဲ့တဖွဲ့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဂျိုဟိုးပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (JIM) က စက်တင်ဘာလ ၁၅ ရက်၊ညပိုင်းမှာ အနှိပ်ခန်းတွေနဲ့ လူနေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့ရာမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူနှစ်ဆယ့်ငါးဦးထဲမှာ မြန်မာအမျိုးသမီးခြောက်ဦးနဲ့ မြန်မာအမျိုးသားတဦး အပါအဝင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံသားတွေနဲ့ သူတို့ကို စောင့်ရှောက်ပေးထားတဲ့ မလေးရှားနိုင်ငံသားနှစ်ဦးတို့ပါဝင်ပါတယ်။
သူတို့ဟာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို မလေးရှားရင်းဂစ်ရှစ်ဆယ်မှတရာ့ရှစ်ဆယ်ကြားနဲ့ကမ်းလှမ်းခဲ့ကြပြီး အာဏာပိုင်တွေမသင်္ကာစေဖို့ လူနေအိမ်တွေမှာ လျှို့ဝှက်လုပ်ဆောင်ခဲ့ကြတာပါ။
အဲဒီဖမ်းဆီးခံရသူတွေကိုလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့ Setia Tropika လူဝင်မှုကြီးကြပ်ရေးစခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေဆက်လုပ်နေပါတယ်။
ဂျိုဟိုးလူဝင်မှုကြီးကြပ်ရေး အနေနဲ့ ပြည့်တန်ဆာလုပ်ငန်းနဲ့ ဗီဇာအလွဲသုံးစားပြုမှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။

















