Border News Agency
အမေရိကန်၊စက်တင်ဘာ ၁၇။
အမေရိကန်အစိုးရက ၂၀၂၇ ဘဏ္ဍာနှစ်အတွက် မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်ရာနိုင်ငံဆိုင်ရာသမ္မတရဲ့ဆုံးဖြတ်အတည်ပြုချက် အစီရင်ခံစာကိုလွှတ်တော်ဆီတရားဝင်တင်သွင်းလိုက်ပြီး အဲဒီစာရင်းမှာမြန်မာနိုင်ငံလည်းပါဝင်နေပါတယ်။
အမေရိကန်ရဲ့ ၂၀၀၃ ခုနှစ်နိုင်ငံခြားဆက်ဆံရေးအခွင့်အာဏာအပ်နှင်းမှု အက်ဥပဒေအရ မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မက္ကဆီကိုနဲ့ ထိုင်းအပါအဝင် စုစုပေါင်း ၂၃ နိုင်ငံကို မူးယစ်ဆေးဝါး အဓိကထုတ်လုပ်ရာနဲ့ ဖြတ်သန်းရာနိုင်ငံတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
အဲဒီ ၂၃ နိုင်ငံထဲမှ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ဝတ္တရားတွေကို ထိရောက်စွာလိုက်နာဆောင်ရွက်ဖို့ သိသာထင်ရှားစွာ ပျက်ကွက်ခဲ့တဲ့ နိုင်ငံ ၄ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ဘိန်းနဲ့ ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ထိရောက်စွာမနှိမ်နင်းနိုင်ကြောင်း ထောက်ပြထားပါတယ်။
အဲဒီလိုပျက်ကွက်မှုကြောင့် ပုံမှန်အားဖြင့်အမေရိကန်ရဲ့ အကူအညီတွေအားလုံးပိတ်ဆို့ ဖြတ်တောက်ခံရမှာဖြစ်ပေမယ့် မြန်မာပြည်သူတွေအတွက်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ဒီမိုကရေစီအရေးအထောက်အကူပြုလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အမေရိကန်သမ္မတက အမျိုးသား အကျိုးစီးပွားဆိုင်ရာ ကင်းလွတ်ခွင့်ပေးထားတာပါ။
ဒီကင်းလွတ်ခွင့်ကြောင့် အကူအညီတွေဟာ အာဏာသိမ်းစစ်တပ်ဆီရောက်ရှိမှာမဟုတ်ဘဲ နယ်စပ်ဒေသတွေရှိပြည်သူတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လွတ်လပ်သော မီဒီယာတွေဆီထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေတွေပိတ်ဆို့မခံရစေဖို့ အမေရိကန်အစိုးရက ကာကွယ်ပေးထားတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့မူးယစ်ဆေးဝါး ကွန်ရက်တွေဆက်နွှယ်ကြီးထွားလာတာဟာ မြန်မာ့ဒီမိုကရေစီအရေးသာမကဒေသတွင်းလုံခြုံရေးအတွက်ပါ ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်အစိုးရကရှုမြင်ထားပါတယ်။








