Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၇။
အဏုမြူစွမ်းအင်နဲ့အာကာသနည်းပညာဆိုင်ရာကိစ္စကို ရုရှားနဲ့မြန်မာသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၂၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ကော်မရှင်ရဲ့သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ROSATOM ကြား ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ဆိုပါတယ်။
နျူကလီးယားစွမ်းအင်အားငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေအတွက် ပြင်ပအာကာသစူးစမ်းလေ့လာရေးနဲ့ အသုံးပြုမှုနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံ State Space Corporation “Roscosmos” ညွန်ကြားရေးမှူးအဖွဲ့နဲ့ ဆက်ပြီးတွေ့ဆုံသလို အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဂြိုလ်တုလွှတ်တင်ရေးနဲ့သင်တန်းသားစေလွှတ်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီကိစ္စရပ်တွေကိုလည်း “Roscosmos”နဲ့မြန်မာအာကာသအေဂျင်စီကြား သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါတယ်။