Border News Agency
နေပြည်တော်၊ မေ ၁၄။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေရဲ့ အဓိကအရင်းအမြစ်ဟာ အာဏာသိမ်းစစ်တပ်က ဆယ်စုနှစ်များစွာကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေအပေါ် အရေးယူနိုင်တာမရှိတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ယဉ်ကျေးမှုကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ၂၀၂၆ ခုနှစ်၊ဧပြီလ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြမ်းဖက်မှုတွေကို ပိုမိုလုပ်ဆောင်လာပြီး အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်တာ၊လူသန်းပေါင်းများစွာကို အိုးအိမ်စွန့်ခွာစေတာအပြင် လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပါ စနစ်တကျ အသုံးပြုပြီး ဖိနှိပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီကျူးလွန်မှုတွေဟာ ရုတ်တရက်ဖြစ်လာတဲ့ ကိစ္စတွေမဟုတ်ဘဲ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေဟာ ဥပဒေအထက်မှာ ရှိနေတယ်ဆိုတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ယဉ်ကျေးမှု အမြစ်တွယ်နေတာကြောင့် ဖြစ်လာရတဲ့ ခန့်မှန်းပြီးသား အကျိုးဆက်တွေသာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အထူးကိုယ်စားလှယ်ရဲ့ ရာထူးသက်တမ်းအတွင်း နောက်ဆုံးထုတ်ပြန်တဲ့ ဒီအစီရင်ခံစာမှာတော့ တရားမျှတမှုနဲ့ အမှန်တရား ရှာဖွေရေးဟာ နစ်နာခဲ့ရသူတွေအတွက်တင်မကဘဲ နောင်လာနောက်သားတွေကိုပါ စစ်အုပ်ချုပ်ရေးသံသရာကနေ ကာကွယ်ဖို့အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ယဉ်ကျေးမှုကို အဆုံးသတ်နိုင်ဖို့အတွက် ခိုင်မာတဲ့ အကြံပြုချက်တွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း တင်ပြထားပါတယ်။






