Border News Agency
မဲဆောက်၊ဇွန် ၃၀။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့ရှိ နေအိမ်တလုံးကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဇွန်လ ၃၀ ရက်၊ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး “Las Vegas LV177″အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်မှာ အက်ဒ်မင်လုပ်နေတဲ့ မြန်မာအမျိုးသမီး ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေမှာ အသက် ၂၇ နှစ်အရွယ် မသန္တာနဲ့အသက် ၂၆ နှစ်အရွယ် မစီဇာညွန့်တို့ဖြစ်ပြီး သူတို့ဟာ တလကို လစာ ဘတ် ၃၀,၀၀၀ ခန့်ရရှိကာဖောက်သည်တွေကို ဝန်ဆောင်မှုပေးနေသူတွေဖြစ်ပါတယ်။
အဲဒီလောင်းကစားဆိုက်ဟာ တလကို ဘတ်သန်း ၇၀ ခန့်အထိ လည်ပတ်ငွေရှိနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဝန်ဆောင်မှုတွေ ပိုမိုတိုးချဲ့ထားတယ်လို့သိရပါတယ်။
စီးနင်းမှုအတွင်း ကွန်ပျူတာ၊ ဖုန်း၊ အိုင်ပက်တွေ၊ကွန်ရက်ပစ္စည်းတွေ၊ငွေသား ဘတ် ၃၅,၀၀၀ နဲ့ဘဏ်စာအုပ်အပါအဝင် သက်သေခံပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးရမိသူ ၂ ဦးကို မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းကာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ဆောင်မှု၊ကြော်ငြာမှု၊ စည်းရုံးမှုနဲ့ အမှုဖွင့်အရေးယူထားပြီး ကွန်ရက်အတွင်း ပါဝင်ပတ်သက်သူတွေကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက်ဖော်ထုတ်နေပါတယ်။














