Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၃ ။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ စက်တင်ဘာလအတွင်း အရပ်သားနှစ်ဆယ့်သုံးဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်(AA) က အောက်တိုဘာလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော််ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ သံတွဲ၊ ပလက်ဝမြို့နယ်တွေကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဆယ့်သုံးဦးသေဆုံးခဲ့ပြီး လေးဆယ်ကိုးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီထဲမှာ အမျိုးသားဆယ့်ကိုးဦး၊ အမျိုးသမီးလေးဦးသေဆုံးသွားခဲ့ပြီး အမျိုးသားနှစ်ဆယ့်ကိုးဦးနဲ့ အမျိုးသမီးနှစ်ဆယ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပလက်ဝမြို့နယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဆယ့်သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်သံတွဲမြို့လည်း စက်တင်ဘာလ ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်းကို စက်တင်ဘာလ ၁၂ ရက်နေ့က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ၊ကျောင်းသားနှစ်ဆယ်ဦးသေဆုံးပြီးနှစ်ဆယ့်တဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်ကလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေသေဆုံး ဒဏ်ရာရနေကြရပါတယ်။