Border News Agency
မြောက်ဦး၊ဇွန် ၁၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကမြေသိမ်းမယ့်အပေါ် မြေပိုင်ရှင်တွေကန့်ကွက်ကြတာမို့ ကြားနာစစ်ဆေးသွားပါမယ်။
အဲဒီမြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာအုပ်စု၊ ပေါင်းတုတ်ကွင်းကို ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေနဲ့အညီသိမ်းသွားမှာလို့ အာရက္ခပြည်သူ့
တော်လှန်ရေးအစိုးရ တရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရပေးမယ့် မြေယာလျော်ကြေးငွေတဧကကိုကျပ်သိန်းရှစ်ဆယ်ဟာ ကာလပေါက်စျေးထက်အဆပေါင်းများစွာနည်းနေတာမို့ မြေပိုင်ရှင်တွေကန့်ကွက်ကြတာလို့ ဆိုပါတယ်။
အဲဒါကြောင့် ကန့်ကွက်ကြသူတွေအပါအဝင် မူလမြေပိုင်ရှင်တွေကိုလည်းခေါ်ယူပြီး ဇွန်လ ၁၂ ရက်နေ့၊ မနက် ၇ နာရီအချိန်၊ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာကြားနာစစ်ဆေးသွားမှာပါ။
အဲဒီမြေသိမ်းမှုကို ပြီးခဲ့တဲ့မေလ ၃၀ ရက်နေ့က မြေပိုင်ရှင်သုံးဆယ့်နှစ်ဦးဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အထူးနို့တစ်စာအရ ဥပဒေနဲ့အညီကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ကတော့ ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့မှာ “မြောက်ဦးမြို့ပြစီမံကိန်း”အပါအဝင် မြို့ပြစီမံကိန်းတွေ ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီ”မြောက်ဦးမြို့ပြစီမံကိန်း”ကို အာရက္ခတပ်တော်(AA) မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးခိုင်ပြည်ထွန်းက မြေပိုင်ရှင်တွေနဲ့အစည်းအဝေးမှာတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။










