Border News Agency
နမ့်ဆန်၊ အောက်တိုဘာ ၄။
နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးသေဆုံးပြီး ကလေးခြောက်ဦးအပါအဝင်ကိုးဦးဒဏ်ရာရသွားခဲ့တယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဇယ်တုန်ဟုန်းကျေးရွာကို ဒီနေ့ နေ့လည် ၁၂ နာရီ ၂၈ မိနစ်အချိန်က လေကြောင်းမှပေါင် ၂၅၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် အသက်ဆယ်နှစ်အရွယ် မောင်ဇေယျာအောင်နဲ့အသက်ဆယ့်သုံးနှစ်အရွယ်မောင်ထွန်းမျိုးအောင်တို့သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အသက်ဆယ်နှစ်အရွယ် မမြတ်ဝန်းချယ်၊ အသက်ဆယ့်နှစ်နှစ်အရွယ်မခင်ယုမေ၊ အသက်ကိုးနှစ်အရွယ် မသန္တာစိုး၊ အသက်ဆယ့်နှစ်နှစ်နှစ်အရွယ် မခင်လှပြည့်နှင်း၊ အသက်ဆယ့်သုံးနှစ်အရွယ် မထွေးရီ၊အသက်ဆယ့်လေးနှစ်အရွယ် မောင်ခန့်သူရိုန်မင်းနဲ့အသက်လေးဆယ်အရွယ်ဦးတောင်တန်း၊ အသက်ခြောက်ဆယ်အရွယ် ဦးဖိုးရှမ်း၊အသက်ခြောက်ဆယ်အရွယ်ဦးပန်ကျန်းတို့ ဒဏ်ရာရသွားကြတယ်လို့ဆိုပါတယ်။
နောက်ပြီးနေအိမ် ဆယ့်ခြောက်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဒီနေ့တရက်တည်းမှာ စစ်ကော်မရှင်တပ်ဟာ သီပေါမြို့နယ်ရှိ မန်ဟဲကျေးရွာကိုတကြိမ်၊အုံမုကျေးရွာကိုတကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
သီပေါမြို့နယ်၊စံဖိတ်ကျေးရွာ၊ကုမုဒြာဟိုတယ်ကို အောက်တိုဘာလ ၂ ရက်နေ့ကလည်းပြည်သူတွေနေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ပေါင်၅၀၀ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦး တခု ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နမ္မတူမြို့ကိုလည်း အောက်တိုဘာလ ၂ ရက်နေ့က ပေါင် ၅၀၀ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်အရပ်သားသုံးဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရသွားသလို နေအိမ်ရှစ်လုံးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့လေကြာင်းအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နိုင်လို့ စစ်ရေးအမြဲသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားတဲ့နေရာတွေကို၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ဆိုပါတယ်။