Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၄။
စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းလာတာ၊ စစ်မှုထမ်းခေါ်ယူဖို့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် မြန်မာနိုင်ငံကလူငယ်တွေကြားမလုံခြုံမှုဟာ နိုင်ငံတဝှမ်းအဆိုးဆုံးအဆင့်သို့ ရောက်လာခဲ့တယ်လို့ UNDP မြန်မာက အောက်တိုဘာလ ၁၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက လူငယ်သုံးဦးမှာ တဦးဟာအတင်းအဓမ္မစစ်မှုထမ်းခေါ်ယူခံရနိုင်ခြေကို စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီကြောက်ရွံ့မှုဟာ လူငယ်အမျိုးသား၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဝင်ငွေနည်းပါးတဲ့မိသားစုတွေက လူငယ်တွေအပေါ် စိတ်ပိုင်းဆိုင်ရာဖိစီးမှု ပိုမိုဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
မြန်မာလူငယ်နှစ်သန်းခွဲနီးပါးက ပုဂ္ဂိုလ်ရေးဘေးကင်းလုံခြုံမှုအတွက် အမြဲနီးပါးစိုးရိမ်ပူပန်နေကြရတယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် ခြောက်သန်းကျော်ခန့်ဟာ ညအချိန်မှာ လုံးဝလုံခြုံမှုမရှိဘူးလို့ ခံစားနေရကြောင်းလည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မလုံခြုံမှု၊ စီးပွားရေးအခက်အခဲတွေ၊ နေရပ်စွန့်ခွာရမှုတွေကြောင့် လူသားလုံခြုံရေး(Human Security)ထိခိုက်နေပြီး စိတ်ကျန်းမာရေးကိုလည်း ဆိုးကျိုးဖြစ်စေတယ်လို့ဆိုပါတယ်။
လူငယ်ခုနှစ်ဦးမှာတဦးခန့်ဟာ ပုဂ္ဂိုလ်ရေးဘေးကင်းလုံခြုံမှုအပေါ် အမြဲတမ်းစိုးရိမ်နေကြပြီး ဆယ်ဦးမှာလေးဦးခန့်ဟာ ညအချိန်မှာ လမ်းလျှောက်ဖို့ မလုံခြုံမှုခံစားနေရတယ်လို့လည်း ဆိုပါတယ်။
ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကယား၊ ချင်းနဲ့ရခိုင်မှာလည်း မလုံခြုံမှုနှုန်းမြင့်တက်နေပြီး ရခိုင်မှာလူငယ်လေးဆယ်ငါးရာခိုင်နှုန်းခန့်ဟာ ဘေးကင်းရေးအပေါ် စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေနဲ့နှိုင်းယှဉ်ရင် အမျိုးသားလူငယ်တွေဟာ စိုးရိမ်မှုနှုန်းပိုမိုမြင့်မားလာတာကိုတွေ့ရှိထားပြီး စစ်မှုထမ်းခိုင်းခံရနိုင်ခြေနဲ့တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရနိုင်ခြေတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုပါတယ်။
မသန်စွမ်းအမျိုးသမီးလူငယ်တွေအတွက် ကြောက်ရွံ့မှုနဲ့ထိခိုက်မှုအဆင့် အမြင့်ဆုံးဖြစ်နေကြောင်းလည်း ဖော်ပြထားပါတယ်။
လူငယ်တွေရဲ့ စိတ်ကျန်းမာရေးနဲ့လူမှုဘဝလုံခြုံရေးဟာ အပြန်အလှန်ဆက်စပ်နေပြီး လုံခြုံမှုနဲ့မျှော်လင့်ချက်မရှိရင် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့ ခံနိုင်ရည်ပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။
စိန်ခေါ်မှုတွေကြားက မြန်မာလူငယ်တဝက်နီးပါးဟာ မနက်ဖြန်အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့လည်း ယုံကြည်နေကြောင်း ဆိုပါတယ်။
ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့အခွင့်အလမ်းတွေအပေါ် ရင်းနှီးမြှုပ်နှံမှုမရှိရင် မြန်မာနိုင်ငံဟာ လူငယ်မျိုးဆက်တခုလုံးကို ကြောက်ရွံ့မှုနဲ့စိတ်ပျက်အားငယ်မှုအတွင်းသာရှိနိုင်ကြောင်း သတိ ပေးထားပါတယ်။