Border News Agency
အမေရိကန်၊ဇွန် ၁၈။
အမေရိကန်နဲ့အီရန်ကြားစစ်ပွဲရပ်စဲဖို့ သဘောတူညီချက် ရထားပေမယ့် အစ္စရေးက လက်ဘနွန်ကို ဆက်တိုက်ခိုက်နေတာကြောင့် ဒီငြိမ်းချမ်းရေးလမ်းကြောင်းကို အန္တရာယ်ဖြစ်စေနေပြီလို့ အီရန်က သတိပေးလိုက်ပါတယ်။
အစ္စရေးရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့်လက်ဘနွန်တောင်ပိုင်းမှာ လူ ၄ ဦး သေဆုံးခဲ့ရပြီး ဒီလုပ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တဲ့အတွက် အီရန်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို လက်ဘနွန်ကိစ္စမှာ ပိုပြီးတာဝန်သိဖို့ လူသိရှင်ကြား ပြောထားပေမယ့် လက်တွေ့မှာတော့ တိုက်ခိုက်မှုတွေ ရပ်မသွားသေးပါဘူး။
လေ့လာသူတွေကတော့ အမေရိကန်အနေနဲ့ အစ္စရေးကို တကယ်ဖိအားမပေးနိုင်ရင် ဒီသဘောတူညီချက်ဟာ အလကားဖြစ်သွားပြီး ပျက်စီးသွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
အီရန်ဘက်ကတော့ လက်ဘနွန်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ဆိုတာ အမေရိကန်နဲ့ သူတို့ ရထားတဲ့ သဘောတူညီချက်ရဲ့ အဓိက အစိတ်အပိုင်းတခု ဖြစ်တဲ့အတွက် ဒီကိစ္စကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။










