Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၆။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်စဲပြီး ငြိမ်းချမ်းတည်ငြိမ်မှုဟာ အိန္ဒိယနိုင်ငံအတွက်အလွန်အရေးပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အောက်တိုဘာလ ၁၅ ရက်၊ မနေ့ကပြောပါတယ်။
သူဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဆယ်နှစ်ပြည့်နေ့အခမ်းအနားမှာပြောခဲ့တာပါ။
မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ NCA လုပ်ငန်းစဉ်ရဲ့ အောင်မြင်မှုအပေါ်မှာတကယ်ပဲမူတည်နေပြီး ကမ္ဘာပေါ်မှာ လူဦးရေ ၁.၄ ဘီလီယံကျော်ရှိပြီး တရားဝင်ဘာသာစကား ၂၂ မျိုးနဲ့ ငြိမ်းချမ်းစွာအတူနေထိုင်နေတဲ့ အကြီးဆုံးဒီမိုကရေစီနိုင်ငံလည်းဖြစ်တယ်လို့ဆိုပါတယ်။
ကမ္ဘာပေါ်မှာ စတုတ္ထအကြီးဆုံးနဲ့ အမြန်ဆုံးတိုးတက်နေတဲ့ စီးပွားရေးနိုင်ငံကြီးလည်းဖြစ်၊ အခွန်ကောက်ခံမှုပုံစံတခုတည်းနဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတခုတည်းရှိတဲ့ နိုင်ငံလည်းဖြစ်တဲ့အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာအတွေ့အကြုံတွေမြန်မာနိုင်ငံကိုဝေမျှခွင့်ရလို့ဂုဏ်ယူတယ်လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ဗဟိုနဲ့ ပြည်နယ်တွေကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအာဏာခွဲဝေပုံ၊ အခွန်ကောက်ခံမှုနဲ့ ဝင်ငွေခွဲဝေမှုအသေစိတ်တွေကိုလည်းပါဝင်သူတွေနဲ့အတူဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလိုလုပ်ဆောင်တဲ့အခါ အိန္ဒိယဟာ မြန်မာနိုင်ငံကဦးဆောင်ပြီး မြန်မာနိုင်ငံကပိုင်ဆိုင်တဲ့၊ နိုင်ငံအတွက်အသင့်တော်ဆုံးဖြစ်တဲ့ဖြေရှင်းနည်းရရှိဖို့ အမြဲတမ်းထောက်ခံရပ်တည်ခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့အရေးပါတဲ့ နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုတွေဖြစ်တဲ့ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighborhood First)၊အရှေ့မျှော်မူဝါဒ (Act East) MAHASAGAR (လုံခြုံရေးနဲ့ဖွံ့ဖြိုးမှုတို့ညီညီမျှမျှနဲ့ဘက်စုံတိုးတက်ရေးမူဝါဒ)စတဲ့ မူဝါဒတွေရဲ့ဆုံမှတ်မှာရှိတယ်လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာနှစ်ပေါင်းများစွာကတည်းက ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ပြည်သူချင်းဆက်ဆံရေးတွေရှိခဲ့တဲ့ ယုံကြည်ရတဲ့ အိမ်နီးချင်းမိတ်ဖက်နိုင်ငံအဖြစ်မြန်မာနိုင်ငံဘက်က အမြဲတမ်းရပ်တည်ခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယဟာ ကုန်းမြေနယ်နိမိတ် ၁၆၄၃ ကီလိုမီတာ၊ရေကြောင်းနယ်နိမိတ် ၁၀၆၀ ကီလိုမီတာထိစပ်နေတဲ့အတွက်မြန်မာနိုင်ငံကပဋိပက္ခဟာ အိန္ဒိယကို တိုက်ရိုက်သက်ရောက်မှု ရှိတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်စဲပြီး ငြိမ်းချမ်းတည်ငြိမ်မှုထိန်းသိမ်းထားနိုင်ရေးဟာ အိန္ဒိယအတွက်အလွန်အရေးပါတယ်လို့ဆိုပါတယ်။
NCA ဟာ မြန်မာနိုင်ငံရဲ့ကြာညောင်းလှပြီဖြစ်တဲ့ပြည်တွင်းပြဿနာတွေကိုဖြေရှင်းဖို့ရာ လက်ရှိမှာရှိနေတဲ့ တခုတည်းသော မူဘောင်ဖြစ်တဲ့အတွက် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းအားလုံးအနေနဲ့ NCA ယန္တရားကိုအပြည့်အဝအသုံးချပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေလုပ်ကြဖို့လိုအပ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ်အခြေခံတဲ့ ထင်သာမြင်သာရှိပြီး ရေရှည်ခိုင်မြဲမယ့် ဆွေးနွေးညှိ နှိုင်းမှုရလဒ်တွေရအောင်ကြိုးပမ်းကြဖို့ကိုလည်း အိန္ဒိယကတိုက်တွန်းထားပါတယ်။






