Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေက ဒေသထုတ်တောအရက်တွေ သောက်သုံးသင့်၊ မသင့်စစ်ဆေးအတည်ပြုဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီဒေသထုတ်တောအရက်တွေကို သောက်သုံးကြလို့ သေဆုံးတာတွေ၊ ကျန်းမာရေးထိခိုက်တာတွေ ဖြစ်နေကြတာမို့ တာဝန်ရှိသူတွေ စစ်ဆေးအတည်ပြုသင့်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကျန်းမာရေးရှုထောင့်ကနေ ပြန်လည်စဉ်းစားပြီး စစ်ဆေးဖို့လိုအပ်နေပြီ။ ထုတ်လုပ်သူတွေအနေနဲ့လည်း စနစ်တကျထုတ်လုပ်တာ၊ စစ်ဆေးတာ၊ သက်တမ်းခံသောက်သုံးလို့ အဆင်ပြေအောင်မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ထုတ်လုပ်ဖို့ လိုအပ်တယ်။”လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေမှာ ဒေသထုတ်တောအရက်တွေသောက်သုံးလို့ သေဆုံးသူတွေရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီဒေသထုတ်တောအရက်တွေမှာ မီသနော်(Methanol)ဓာတ်ပါဝင်တာကြောင့် ကျန်းမာရေးထိခိုက်မှုတွေ၊ သေဆုံးတာတွေ ဖြစ်ပေါ်လာနေတယ်လို့ ပြည်သူတွေနဲ့ ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေက ဆိုကြပါတယ်။
အဲဒီတောအရက်ချက်လုပ်သူတွေမှာ မူးယစ်သက်ရောက်မှုတိုးစေဖို့အတွက် ဘီအီး(BE)ဆီတွေနဲ့ တခြားဓာတ်၊ ဆေးတွေရောစပ်ပြီး ထုတ်လုပ်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီတောအရက်တွေမှာ အသက်သေစေနိုင်ပြီး မမြင်ရတဲ့မီသနော်ဓာတ် ပါဝင်မှုရှိနေတာမို့ သောက်သုံးသူတွေဟာ ကျန်းမာရေးထိခိုက်မှုတွေနဲ့ သေဆုံးမှုတွေဖြစ်နေတာလို့ ပြည်သူတွေက ဆိုကြပါတယ်။
“အရက်သောက်လို့ အသည်းကျွမ်းပြီးသေတာတွေ များလာတယ်။ အရင်ကလည်းသေတာတွေရှိတော့ ဖြစ်ရိုးဖြစ်စဥ်လိုဘဲ ထင်နေကြတယ်။ အရင်ကတော့ အရက်ကို နှစ်ချီပြီးသောက်လို့ အသဲကျွမ်းလို့သေတာ။ ခုကအရက်ထဲမှာ ဓာတ်ပစ္စည်းတွေပါလာလို့ အချိန်မတန်ဘဲသေကြရတာ။ အရက်မှာဓာတ်ပစ္စည်းတွေ ပါတာလဲမသိတဲ့ အသိပညာနည်းပါးတဲ့ ရွာဘက်တွေကဒေသခံတွေဆို ပိုဆိုး။ သောက်လက်စနဲ့ ဆက်တိုင်းသောက်နေကြတယ်။”လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ ပြည်မနဲ့ ပြည်ပထုတ်အရက်တွေ သယ်ယူ၊ ရောင်းချ၊ သောက်သုံးခွင့်ကို ပြီးခဲ့တဲ့နှစ်ကုန်ကတည်းက တားမြစ်ထားတာမို့ ဒေသထုတ်တောအရက်တွေကို သောက်သုံးသူ ပိုများပြားနေတာလို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အရက်ထုတ်လုပ်သူတချို့ဟာ တာရှည်ခံဖို့၊ မူးယစ်မှုတိုးစေဖို့အတွက် ဓာတ်ပစ္စည်းတွေကို စနစ်တကျစစ်ဆေးတာမရှိပဲ အရက်မျိုးစုံထုတ်လုပ်ရောင်းချနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
“ရွာကတောအရက်ချက်တဲ့အိမ်မှာ အရက်ချက်ပြီးရင် ဘက်ထရီအိုးထဲက အစ်ဆစ်ရည်ထဲကို ဝါးခြမ်းပြားနဲ့နစ်ပြီး နေပူလှန်းတယ်။ ခြောက်သွားရင် အဲဒီဝါးခြမ်းပြားကို အရက်တွေထဲပြန်နစ်ထည့်ပြီး ရောင်းတယ်လို့တော့ ပြောကြတယ်။ အစ်ဆစ်ထည့်တာနဲ့ တတူဘဲ။ အဲဒီလိုလုပ်ရင် ပိုမူးစေတယ်လို့လည်းပြောကြတယ်။ ဒါပေမယ့်ဝယ်သောက်သူတွေက အများကြီး။”လို့ အာရက္ခပြည်သူတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီသောက်သုံးသူတွေမှာလည်း အရက်တပုလင်း(တလီတာ)ကို ငွေကျပ်တသောင်းဝန်းကျင်နဲ့ အလွယ်တကူဝယ်ယူ ရရှိနေကြတာမို့ သောက်သုံးသူများပြားနေတာလို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် ဆေးရုံး၊ ဆေးခန်းတွေမှာ ဆေးခန်းလာပြကြတဲ့ အမျိုးသားအများစုမှာ အသည်းခြောက်တာ၊ အသည်းရောင်တာ၊ အသည်းအဆီဖုံးတာ၊ ခန္ဓာကိုယ်ဖော့ရောင်လာတာ၊ မျက်လုံးတွေဝါနေတာစတဲ့ ရောဂါလက္ခဏာတွေ ဆက်တိုင်းမြင်တွေ့နေရတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီရောဂါလက္ခဏာတွေဟာ အရက်သောက်သုံးလို့ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေနဲ့ တူညီမှုရှိတယ်လို့လည်း ဆိုကြပါတယ်။
အာရက္ခကျန်းမာရေးဌာနမှလည်း ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ရက်နေ့က တောအရက်တချို့မှာ မီသနော်ဓာတ်ပါဝင်မှု ငါးရာခိုင်နှုန်းမှ ဆယ့်နှစ်ရာခိုင်နှုန်းထိရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲဒီမီသနော်ဟာ အလွန်အဆိပ်ပြင်းတဲ့ဓာတ်ဖြစ်ပြီး လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရင် အမြင်အာရုံဆုံးရှုံးတာ၊ အသည်းနဲ့ အဆုတ်ပျက်စီးတာ၊ အသက်ရှုရလက်တာထိ ဖြစ်စေနိုင်တယ်လို့လည်း ဆိုကြပါတယ်။
အဲဒီမီသနော်ဓာတ်ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာရင် မီသနော်ဓာတ်ကို အပြည့်အဝဖယ်ရှားနိုင်ဖို့ အနည်းဆုံးကိုးလလခန့်ကြာမြင့်နိုင်တာမို့ ဒေသထုတ်အရက်တွေကို မသောက်သုံးသင့်တာကြောင့် တာဝန်ရှိသူတွေ စီစဥ်အတည်ပြုပေးကြဖို့ ပြည်သူတွေကဆိုကြပါတယ်။






