Border News Agency
မကွေး၊ အောက်တိုဘာ ၃။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက် အာဏာသိမ်းစစ်တပ်ရဲ့ ခလရ (၅၀)တပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ခလရ (၅၀) တပ်ရင်းမှ တပ်ကြပ်မြတ်သူနဲ့ တပ်သားဖြိုးထက်လင်းတို့ဟာ MA-1 သေနတ်တလက်၊ MA-3 သေနတ်တလက်၊ကျည်ခြောက်ဆယ်တောင့်တို့နဲ့အတူ ဂန့်ဂေါမြို့နယ် ပကဖဆီဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြတာဖြစ်ပါတယ်။
အဲဒီအလင်းဝင်ရောက်လာတဲ့တပ်ဖွဲ့ဝင်နှစ်ဦးကို ဂန့်ဂေါမြို့နယ် ပကဖကတဦးကို ကျပ်သိန်းငါးဆယ်စီနဲ့ စုစုပေါင်းဆုကြေးငွေကျပ်သိန်းတရာချီးမြှင့်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကြိုတင်ချိတ်ဆက်ထားပြီး အခွင့်အခါသင့်ချိန်မှာ အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။
အဲဒီဂန့်ဂေါအခြေစိုက် ခလရ (၅၀) တပ်ရင်းမှ အလင်းဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် စုစုပေါင်းတဆယ်ခန့်အထိရှိလာပြီဖြစ်တယ်လို့ ပကဖက ဆိုထားပါတယ်။













