Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသားတဦးဟာ ကုလားတန်မြစ်အတွင်း ငါးဖမ်းနေစဉ်အနိမ့်ပျံသန်းလာတဲ့လေယာဉ်ကို မတ်တပ်ရပ်လှမ်းကြည့်ရာမှ စက်လှေပေါ်ကရေထဲပြုတ်ကျပြီးသေဆုံးသွားပါတယ်။
အဲဒီရေထဲပြုတ်ကျသေဆုံးသွားသူမှာ စစ်တွေမြို့နယ်၊အမြင့်ကျွန်းကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာသို့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ဘေးရှောင်လာပြီး ငါးဖမ်းလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းနေတဲ့ အသက်လေးဆယ်ငါးနှစ်အရွယ်ကိုဇော်မင်းဦးဖြစ်ပါတယ်။
”ထမင်းစားပြီးတာနဲ့ ငါးဖမ်းဖို့ထွက်သွားကြတာ။ ဂျက်လာလို့ ရပ်ကြည့်ရာကနေ ပြုတ်ကျသွားတာလို့ပြောတယ်။ အလောင်းကိုတော့ ခုထိရှာမရသေးပါဘူး။” လို့ ရေထဲပြုတ်ကျသေဆုံးသွားသူ ကိုဇော်မင်းဦးရဲ့ဇနီးဖြစ်သူက Border News Agency ကိုပြောပါတယ်။
သူဟာ အောက်တိုဘာလ ၂ ရက် မနက် ၁၂ နာရီခန့်မှာ အစ်ကိုဖြစ်သူနဲ့အတူ ယိုးငူကျေးရွာအရှေ့ဘက်ရှိ ကုလားတန်မြစ်အတွင်း ငါးသွားဖမ်းစဉ်စစ်တပ်ရဲ့ တိုက်လေယာဉ်တစီး အနိမ့်မှပျံသန်းလာတာကြောင့် မတ်တပ်ရပ်လိုက်လံကြည့်ရှုရာမှ မြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။
” ကျနော်တို့မျောပိုက်ချဖို့ လုပ်နေကြတာ။ အဲဒီအချိန်မှာဂျက်တစီးအနိမ့်က အသံအကျယ်ကြီးနဲ့လာတော့စက်မောင်းနေတဲ့ ကျနော့်ရဲ့ ညီက မတ်တပ်ရပ်ပြီးထကြည့်တယ်။ အဲဒီမှာ ရေထဲပြုတ်ကျသွားတယ်။ စက်ဝင်ရိုးနဲ့ထိသွားပုံပါပဲ။ တချက်ကလေးတောင် ပြန်ပေါ်မလာပါဘူး။”လို့ အတူပါလာတဲ့အစ်ကိုဖြစ်သူက Border News Agency ကိုပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့ အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားပြည်သူငါးဆယ် သေဆုံးခဲ့ရပြီးနောက် အာရက္ခပြည်သူတွေအကြား လေကြောင်းရန်စိုးရိမ်ပူပန်မှုတွေပိုများနေကြပါတယ်။










