Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ဖက်ခွက်ဆိပ်ကျေးရွာမှာ ဦးလေးတော်စပ်သူက အသက်ဆယ်နှစ်အရွယ် တူမဖြစ်သူကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့၊ နေ့လည် ၁ နာရီအချိန်ခန့်မှာ အသက်ဆယ်နှစ်အရွယ်မိန်းကလေးငယ်ဟာ အိမ်မှာတယောက်တည်းရှိနေစဉ် ဦးလေးတော်စပ်သူအသက်ဆယ့်ခုနှစ်နှစ်အရွယ် နိုင်စိုးလင်းက သူ့ရဲ့ နေအိမ်ပေါ်သို့ ဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ဟာမိန်းကလေးငယ်ရဲ့ မိဘတွေ တောထဲသို့ထင်းခွေသွားနေချိန်နဲ့ ပြစ်မှုကျူးလွန်သူနိုင်စိုးလင်းရဲ့ မိခင်ဖြစ်သူ ဈေးရောင်းသွားနေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာလို့ မိသားစုဝင်တွေကဆိုကြပါတယ်။
”ကျမတို့ လင်မယားနှစ်ယောက်က ထမင်းစားပြီးကတည်းက ထင်းခွေဖို့ထွက်သွားတာ။ သူ့အမေလည်း ဈေးသွားရောင်းနေတာတဲ့။ အဲဒီအချိန်မှာ ကျူးလွန်နေတာကို ကျမသမီးအငယ်မကမြင်လို့ ကျမတို့ကိုပြောပြမှသိရတာ။”လို့ ကျူးလွန်ခံရသူရဲ့ မိခင်ဖြစ်သူက Border News Agency ကိုပြောပါတယ်။
အစ်မအရင်းဖြစ်သူ အဓမ္မပြုကျင့်ခံနေရတာကို အသက်ခုနှစ်နှစ်အရွယ် ညီမဖြစ်သူက သူငယ်ချင်းတွေနဲ့အတူကစားပြီး ပြန်လာစဉ်မျက်မြင်တွေ့ရှိခဲ့တာလို့ မိသားစုဝင်တွေကဆိုကြပါတယ်။
”ကျမတို့ သူငယ်ချင်းတွေနဲ့ကစားပြီး အိမ်ပြန်လာတော့ အစ်မကိုအဓမ္မပြုကျင့်နေတာကို တွေ့လိုက်ရတယ်။”လို့ မျက်မြင်တွေ့ရှိခဲ့သူ ညီမဖြစ်သူကပြောပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူနိုင်စိုးလင်းကို သက်ဆိုင်ရာစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီလို့ ဆိုကြပါတယ်။
အာရက္ခဒေသမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးစိုးရိမ်စရာဖြစ်နေပြီး သက်ငယ်မုဒိမ်းမှုအပါအဝင်အမျိုးသမီးတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ မကြာခဏဖြစ်နေတာမို့ မိဘအသိုင်းအဝိုင်းကြား စိုးရိမ်ပူပန်မှုတွေဖြစ်နေကြပါတယ်။
အာရက္ခဒေသမှာဖြစ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် အထူးတရားရုံးတွေဖွင့်ကာ ပြစ်ဒဏ်ပေးဆောင်ရွက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က အတည်ပြုပြောထားပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနရဲ့ဆောင်ရွက်ချက်တွေအရ ဩဂုတ်လမှစတင်ကာ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုစတဲ့ ကြီးလေးသောရာဇဝတ်မှုတွေကို အထူးတရားရုံးတွေနဲ့စစ်ဆေးကာ ထောင်ဒဏ်ဆယ်နှစ်မှထောင်ဒဏ်တသက်ထိ ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်နေတယ်လို့ဆိုပါတယ်။










