Border News Agency
ဖိလစ်ပိုင်၊ နိုဝင်ဘာ ၁၈။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နဲ့ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ မပြုလုပ်မီ နိုဝင်ဘာလ ၁၈ ရက်၊ ဒီနေ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပါတယ်။
အဲဒီနောက်မှာတော့ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။ အာရှဒေသအတွင်း အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ပိုမိုတိုးမြှင့်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ အမေရိကန်ရဲ့ အဓိကမဟာဗျူဟာပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေကိုလည်း ကိုင်တွယ်ဖြေရှင်းရမှာတွေရှိနေတာပါ။
ထရမ့်နဲ့မားကို့စ်တို့ဟာ မနီလာမြို့ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒီတွေ့ဆုံမှုဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့လှုပ်ရှားမှုတွေ ပိုမိုများပြားလာနေချိန်မှာ ဖိလစ်ပိုင်အတွက် အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာ ကတိကဝတ်တွေကို ပိုမိုခိုင်မာစွာရရှိနိုင်ဖို့ မားကို့စ်အတွက် အခွင့်အရေးတခု ဖြစ်လာနိုင်ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံသီးသန့် ဆွေးနွေးပွဲပြုလုပ်ပြီး နေ့လယ်စာစားပွဲကိုလည်း အတူတက်ရောက်ကြမှာ ဖြစ်ပါတယ်။ အဲဒီနောက် ထရမ့်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။
ထရမ့်ဟာ အာရှခရီးစဉ်ကို စတင်ချိန်မှာပဲ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့မှုနဲ့ ရင်ဆိုင်ထားရပါတယ်။ ဒီရလဒ်ကြောင့် ပြည်တွင်းနိုင်ငံရေးမှာ ထရမ့်ရဲ့ အနေအထားနဲ့ သြဇာလွှမ်းမိုးနိုင်မှုအပေါ် မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်။
အခုအာရှဒေသတွင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေ၊ အထူးသဖြင့် တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ နိုင်ငံတကာအရေးကိစ္စတွေမှာ အမေရိကန်ရဲ့ ဩဇာသက်ရောက်မှုကို ထိန်းသိမ်းနိုင်သေးသလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။






