Border News Agency
ရသေ့တောင်၊ အောက်တိုဘာ ၄။
ရသေ့တောင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို အောက်တိုဘာလ ၃ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး တဆယ့်သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော် (AA)ကထုတ်ပြန်ပါတယ်။
အဲဒီရသေ့တောင်မြို့ပေါ် ရပ်ကွက်တွေအပါအဝင် ပြားချောင်းကြီးကျေးရွာနဲ့ပြင်ခေါင်ကျေးရွာကို မနက် ၁ နာရီအချိန်ကနေ နာရီဝက်ခန့်ကြာလှည့်ပတ်ပြီး ဗုံးအလုံးရေနှစ်ဆယ်ခန့်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် တောင်ရင်းတန်းရပ်ကွက်မှ အသက်တဆယ့်ငါးနှစ်အရွယ် မမိုးမိုးနွယ်နဲ့ ပြားချောင်းကြီးကျေးရွာမှ အသက်ခုနှစ်ဆယ်အရွယ်ဦးအောင်ကျော်သာတို့ နှစ်ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် တောင်ရင်းတန်းရပ်ကွက်မှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ဦးမျိုးဝေလင်း၊ အသက်တဆယ့်သုံးနှစ်အရွယ် မမျိုးမြတ်ခိုင်၊အသက်လေးဆယ့်နှစ်နှစ်အရွယ် ဒေါ်ခင်မျိုးသန်း၊အသက်သုံးဆယ့်ကိုးနှစ်အရွယ်ဦးကျော်ထွန်းလှ၊အသက်ငါးဆယ့်လေးနှစ်အရွယ်ဒေါ်နွယ်နွယ်ဦးတို့ဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီးအရှေ့တောင်ရပ်ကွက်မှ အသက်ငါးဆယ့်နှစ်နှစ်အရွယ် ဦးဖြူဒေါင်း၊အသက်တဆယ့်ခုနှစ်နှစ်အရွယ် မောင်ဝေဖြိုးအောင်၊ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မောင်ဘုန်းကျော်လင်း၊အသက်နှစ်ဆယ့်သုံးနှစ်အရွယ် မမအေးစိုးနဲ့ ပြားချောင်းကြီးကျေးရွာမှ အသက်ငါးဆယ့်ရှစ်နှစ်အရွယ် ဒေါ်မခင်သန်းတို့ဒဏ်ရာတွေရသွားခဲ့ကြတာပါ။
အဲဒီအပြင် မနက် ၁ နာရီခွဲအချိန်ကလည်း အငူမော်ကျေးရွာအတွင်းသို့ Y-12 လေယာဉ်နဲ့ ဗုံးလေးလုံးတိုက်ခိုက်ခဲ့တာကြောင့် အသက်နှစ်ဆယ့်လေးနှစ်အရွယ် မခင်မှုံယာဆွေ၊အသက် လေးဆယ့်ငါးနှစ်အရွယ်ဦးဖြူသီးနဲ့ အသက်လေးဆယ့်ငါးနှစ်အရွယ် ဦးသိန်းလှမောင်တို့ သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသကစစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေနေထိုင်ရာမြို့ရွာတွေကို နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို မရပ်မနားဆက်တိုက်ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။



























