Border News Agency
မကွေး၊ နိုဝင်ဘာ ၁၇။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းကျောမြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ စစ်လက်နက်ထုတ် ကပစ ၂၃ စက်ရုံကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပကဖအသံမှ နိုဝင်ဘာလ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျောတိုက်နယ်အတွင်း ကျောမြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ စစ်လက်နက်ထုတ် ကပစ ၂၃ စက်ရုံသွားရာလမ်း အမှတ် ၂ ရွှေပင်ရွာနဲ့ စစ်ကော်မရှင်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ တိုက်ခိုက်ရေးကို ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၁၈၊ ၁၉၊ ယောကာကွယ်ရေးတပ် YDF၊ မြေပြင်စစ်ဒေသရုံးချုပ်၊ ကျောမြို့ ပကဖတို့မှပူးပေါင်းပြီး အင်အားရှစ်ဆယ်တဦးကို ဂန့်ဂေါမြိုနယ် ပကဖ ဒုစစ်ရေးတာဝန်ခံဦးစီးပြီး တိုက်ခိုက်ခဲ့ပါတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဘက်မှ အထိအခိုက်ကိုစစ်ဆေးခဲ့ပြီး ကပဖ ပူးပေါင်းအဖွဲ့တွေမှ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့လည်းဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်လက်နက်ထုတ် ကပစ ၂၃ ဘက်မှ သံပြားကာကားသုံးစီးနဲ့ တပ်အကူလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ပေမယ့် ပကဖ တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကျောမြို့အမှတ်၂ ရွှေပင်အတွင်းရှိ ပြည်သူနေအိမ်သုံးဆယ်ကျော်ကိုလည်း စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းဆိုပါတယ်။






