Border News Agency
ဂွ၊ နိုဝင်ဘာ ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က တိုက်လေယာဉ်တစီးနဲ့ နိုဝင်ဘာ ၂၁ရက်၊ ဒီနေ့နေ့လယ် ၁နာရီကျော်အချိန်က ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ်(၁) ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အမှတ် (၁) ရပ်ကွက်၊ ဗိုလ်ဗဒင်လမ်းရှိ ဦးငြိမ်းချမ်းကျော်နေအိမ်မှာ ဗုံးကျရောက်ပေါက်ကွဲခဲ့လို့ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သလို အဲဒီနေအိမ်မှာလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာအနီးကိုလည်း စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၂၀ရက်၊ မနေ့က ညနေ ၄နာရီခွဲအချိန်က တိုက်လေယာဉ်တစီးနဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ရွာအနီးအနားက နွားနှစ်ကောင်မှာ ဗုံးစထိမှန်လို့သေဆုံးသွားပြီး နောက်ထပ်နွားနှစ်ကောင်မှာ ဒဏ်ရာရရှိသွားပါတယ်။






