Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ။
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ဆယ့်ခြောက်စောင်ထိလက်မှတ်ရေးထိုးသဘောတူခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကဆိုပါတယ်။
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဘယ်လာရုစ်နိုင်ငံသမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်ကိုနဲ့ မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ဆယ့်ခြောက်စောင်ထိလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီစာချုပ်တွေထဲမှာ အာဏာရှင်နှစ်နိုင်ငံအကြားကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာတွေအပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနည်းပညာတွေ အပြန်အလှန်ဖလှယ်နိုင်ရေးတွေပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်အာဏာရှင်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရာမှာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်တဲ့စာလွှာ(Memorandum of Intent-MoI)နဲ့ မြန်မာ-ဘယ်လာရုစ်ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ ၂၀၂၆-၂၀၂၈ ကို လက်မှတ်ရေးခဲ့တယ်လို့ဆိုပါတယ်။
ဘယ်လာရုစ်သမ္မတဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၂၇ ရက်နေ့ရောက်လာတာဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ ပြန်သွားတာပါ။
ဘယ်လာရုစ်နိုင်ငံဟာ စစ်ကော်မရှင်တပ်ကို စစ်လက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက် နည်းပညာဆိုင်ရာစွမ်းရည်တွေ တည်ဆောက်ပေးတာ၊ လေ့ကျင့်သင်ကြားပေးရေးနဲ့ စက်ကိရိယာတွေကူညီပေးနေသလို လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုကျောထောက်နောက်ခံပြုနေတာဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကဆိုပါတယ်။






