Border News Agency
လက်ဘနွန်၊ဇွန် ၂၄။
လက်ဘနွန်တောင်ပိုင်း၊နာဘာတီမြို့အနီးမှာ အပစ်အခတ်ရပ်စဲရေးသဘောတူထားတာ နှစ်ရက်လောက်ပဲ ရှိသေးတဲ့အချိန်မှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်မှုလုပ်လိုက်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီ သေဆုံးသွားတဲ့သူနှစ်ဦးဟာ လမ်းပေါ်က အတားအဆီးတွေကို မြေတူးစက်နဲ့ဖယ်ရှားရှင်းလင်းနေချိန်မှာ အစ္စရေးစစ်သားတွေက စက်သေနတ်တွေနဲ့ လာပစ်ခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဟစ်ဇ်ဘိုလာဘက်ကတော့ ဒါဟာ အပစ်အခတ်ရပ်စဲရေးကို ဗြောင်ကျကျ ချိုးဖောက်လိုက်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
အစ္စရေးဘက်ကတော့ သူတို့ရဲ့ စစ်သားတွေကို ခြိမ်းခြောက်လို့ ပစ်ခဲ့ရတာပါလို့ ပြန်ပြောထားပါတယ်။
အခုဆိုရင် အစ္စရေးဝန်ကြီးချုပ်က လက်ဘနွန်တောင်ပိုင်းမှာ လိုအပ်သလောက် အစ္စရေးတပ်တွေ ဆက်ရှိနေဦးမယ်လို့ ပြောထားသလို ဝါရှင်တန်မှာလည်း အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး နှစ်ဖက်ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ ရှိနေပါတယ်။
လက်ဘနွန်ပြည်သူတွေကတော့ အစ္စရေးရဲ့ အပြောအဆိုတွေအပေါ် အယုံအကြည်မရှိကြတော့ဘဲ အပစ်အခတ်ရပ်စဲရေးက အချိန်မရွေး ပျက်သွားနိုင်တယ်လို့ စိုးရိမ်နေကြတာပါ။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကတည်းက စဖြစ်တဲ့ ဒီပဋိပက္ခကြောင့် လက်ဘနွန်မှာ လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၁.၂ သန်းကျော်ကတော့ အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။










