Border News Agency
မကွေး၊ ဇန်နဝါရီ ၁၈။
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးတာနဲ့ ဒရုန်းနဲ့တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ ပြည်သူ့ညီနောင်စလင်းမှ ဇန်နဝါရီလ ၁၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ စလင်းမြို့နယ်၊ ပန်းတိမ်ကုန်းကျေးရွာထဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က အင်အားရှစ်ဆယ်ခန့်ပါတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ နေအိမ်ဆယ့်ငါးလုံးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ပန်းတိမ်ကုန်းရွာထဲမှာတပ်စွဲထားပြီး အနီးနားကကညှပ်ရွာနဲ့ နောင်တော်လေးရွာဘက်တွေကိုလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေသလို ဒရုန်းနှစ်စီးနဲ့လည်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
နောက်ပြီး ကျောက်ခဲကုန်းရွာက ဘုန်းကြီးကျောင်းကိုလည်း ဒရုန်းနဲ့ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေနဲ့ ရွာခံတချို့ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ စလင်းမြို့နယ်ထဲမှာ အင်အားတွေထပ်ဖြည့်နေပြီး စလင်းချောင်းတောင်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် သမြင်ကင်း၊ ပန်းတိမ်ကုန်း၊ ကညှပ်၊ နောင်တော်လေးနဲ့ နောင်တော်ကြီးရွာတွေရှိ ဒေသခံတွေဟာ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ကြောင့် ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။






