Border News Agency
ကျောက်ဖြူ၊ ဇန်နဝါရီ ၂၀။
ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေရွာကို ဇန်နဝါရီလ ၁၉ ရက်၊ နေ့လည် ၁၂နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်ထပ်ပြီး လေကြောင်းတိုက်ခိုက်လို့ နေအိမ်နှစ်လုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ ကျောက်ကလေရွာနဲ့ ပင်လယ်ကမ်းနားဘက်ကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေါ်ခင်ဦးဖြူနဲ့ ဦးငချက်ကြီးရဲ့နေအိမ်တွေ မီးလောင်ပြာကျသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျောက်ကလေရွာရှိ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့နေရာကို ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင် သဖန်းချောင်းရွာထဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့ စစ်သင်္ဘောတွေက ရွယ်ရည်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်လို့ စစ်ရှောင်လင်မယားနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကမိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။









