Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၂။
ကုလားတန်စီမံကိန်းရှိရာစစ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေချိန် နေပြည်တော်မှာ မြန်မာ – အိန္ဒိယကုန်သွယ်ရေးပူးတွဲဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၂၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၉ ကြိမ်မြောက် မြန်မာ – အိန္ဒိယ ကုန်သွယ်ရေးပူးတွဲဆွေးနွေးပွဲကို ဇန်နဝါရီလ၂၁ ရက်နေ့ကပြုလုပ်ခဲ့ရာမှာ ခုလိုသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံကြားကုန်သွယ်မှု ပမာဏပိုတိုးလာအောင် လုပ်ဆောင်ဖို့၊ ကုန်သွယ်ရေးမှာ လွယ်ကူချောမွေ့အောင်နည်းလမ်းရှာဖို့နဲ့ လိုအပ်တဲ့အခြေခံဆောဆောက်အအုံတွေ တိုးတက်ကောင်းမွန်လာဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စိုက်ပျိုးရေး၊ စွမ်းအင်၊ ကျန်းမာရေး၊ သတင်းအချက်အလက်နည်းပညာ (ICT) နဲ့ MSME လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေပိုလုပ်နိုင်ဖို့အပြင် စီးပွားရေးလုပ်ရှင်တွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို လျှော့ချနိုင်မယ့်နည်းလမ်းတွေကိုလည်း ညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီဆွေးနွေးထားတဲ့ မှတ်တမ်းတွေကို နှစ်နိုင်ငံကိုယ်စားလှယ်တွေက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့မှတ်တိုင်တခုဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ စစ်ကော်မရှင်ရဲ့စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနဲ့ အိန္ဒိယနိုင်ငံဘက်က ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန တာဝန်ရှိသူတွေနဲ့ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ထပ် ၁၀ ကြိမ်မြောက် အစည်းအဝေးကိုတော့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပဖို့သဘောတူညီခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့အရေးကြီးတဲ့ ကုလားတန်ဘက်စုံစီမံကိန်းရှိရာ ရခိုင်ပြည်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။
အဲဒီလိုစစ်တွေမြို့အနီးမှာ တိုက်ပွဲတွေထပ်မံဖြစ်ပွားလာတာကြောင့် ကုလားတန်စီမံကိန်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေရဲ့ လုံခြုံရေးအခြေအနေဟာ စိုးရိမ်စရာဖြစ်လာပါတယ်။
နေပြည်တော်မှာ ကုန်သွယ်ရေးအတွက် ဆွေးနွေးမှုတွေရှိနေပေမယ့် မြေပြင်မှာဖြစ်နေတဲ့ ဒီစစ်ရေးပဋိပက္ခတွေဟာ အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးနဲ့ ကုလားတန်စီမံကိန်း ရှေ့ဆက်ဖို့အတွက် အဓိကအဟန့်အတားတခု ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။






