Border News Agency
ကျောက်ဖြူ၊ ဇန်နဝါရီ ၂၃။
ကျောက်ဖြူမြို့နယ်မှာ ဇန်နဝါရီလ ၂၂ ရက်၊ မနေ့က စစ်ကော်မရှင်တပ်ဒရုန်းနဲ့ တိုက်ခိုက်လို့အရပ်သားနှစ်ဦးဒဏ်ရာသွားခဲ့ပါတယ်။
အဲဒီဇင်ချောင်းကုန်းဘွေရွာ၊ ကျောက်ဖြူ – ရန်ကုန် ကားလမ်းမထက် ရွှေရခိုင်ကားဂိတ်အနီးကို ဇန်နဝါရီလ ၂၀ ရက်၊ မနက် ၁၁ နာရီ ၃၉ မိနစ်အချိန်က စစ်ကော်မရှင်တပ်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောက်ဖြူမြို့နယ်၊ ကုန်ဘောင်ကြီးရွာမှ အသက်သုံးဆယ်အရွယ် ကုလားချေ(ခ)ဦးမင်းသက်ထွန်း၊ အသက်နှစ်ဆယ့်လေးနှစ်အရွယ် မပန်းအိစံတို့ ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဦးမင်းသက်ထွန်းရဲ့ ဘယ်ဖက်ခြေမျက်စီ၊ မပန်းအိစံရဲ့ ညာဖက်ဒူးဆစ်မှာ ဒဏ်ရာရသွားတာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဇင်ချောင်းကုန်းဘွေရွာရှိ ဒေါ်စောစောဝင်းရဲ့ နေအိမ်လည်းပျက်စီးသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။








