Border News Agency
ရန်ကုန်၊ ဇန်နဝါရီ ၂၄။
အာဏာသိမ်းစစ်အုပ်စုကကျင်းပဖို့ပြင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နေရာအနှံ့မှာ ကန့်ကွက်လှုပ်ရှားမှုတွေကို ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုတွေကို စမ်းချောင်း၊ အလုံ၊ တာမွေ၊ ကမာရွတ်၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်နဲ့ ရန်ကင်းမြို့နယ်တွေမှာ ပြုလုပ်ခဲ့ကြတာပါ။
စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီလ ၂၅ ရက်မှာပြုလုပ်ဖို့စီစဉ်ထားတာတာမို့ ဒီရက်ပိုင်းအတွင်းရန်ကုန်တမြို့လုံးမှာ လုံခြုံရေးတွေကိုအထူးတင်းကြပ်ထားပါတယ်။
အဲဒီမြို့နယ်အနှံ့မှာ ဧည့်စာရင်းစစ်တာတွေပိုလုပ်လာသလို လူစည်ကားရာနေရာတွေမှာလည်း စစ်တပ်၊ ရဲနဲ့သူတို့လက်သပ်မွေးထားတဲ့လူမိုက်တွေက စောင့်ကြည့်စစ်ဆေးတာတွေ ခပ်စိတ်စိတ်လုပ်ဆောင်နေပါတယ်။
အဲဒီဖိနှိပ်မှုတွေကြားကပဲ ရန်ကုန်လူငယ်တွေနဲ့ပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း နည်းမျိုးစုံနဲ့ဆက်လက်ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။














