Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၂၅။
နယ်သာလန်နိုင်ငံ ICJ တရားရုံးမှာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို မြန်မာကိုယ်စားလှယ်အဖွဲ့က ဥပဒေနဲ့အညီ ခုခံချေပနေတာကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အပြည့်အဝထောက်ခံတယ်လို့ ဇန်နဝါရီလ ၂၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကိုကြိုဆိုတဲ့အပြင် မတရားစွပ်စွဲချက်တွေကနေ မြန်မာနိုင်ငံကင်းလွတ်ပါစေကြောင်းလည်း ဆုတောင်းထားပါတယ်။
ALP အနေနဲ့ ရခိုင်ပြည်နယ် ပဲ့ထွက်မသွားစေရေးနဲ့ သမိုင်းလိမ်လည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ပဋိပက္ခတွေကို အမြဲသတိပြုနေတယ်လို့ ဆိုပါတယ်။
၁၉၉၀ ပြည့်နှစ်တွေကစလို့ “ရိုဟင်ဂျာ” အမည်နဲ့ ရှုပ်ထွေးအောင်လုပ်ခဲ့တဲ့ ကိစ္စတွေအပါအဝင် ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ပြဿနာတွေကို နည်းလမ်းမျိုးစုံနဲ့ခုခံချေပဖို့ ကြိုးစားလာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်သမိုင်းအတုတွေနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ချုချနေသူတွေကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချသလို ALP အနေနဲ့ ပြည်သူတွေနဲ့အတူရပ်တည်ပြီး အနာဂတ်အန္တရာယ်တွေကို သတိရှိရှိစောင့်ကြည့်သွားမယ်လို့လည်း အသိပေးထားပါတယ်။






