Border News Agency
ချင်းမိုင်၊ ဩဂုတ် ၂၆။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ မြန်မာရှစ်ဦးအပါအဝင် ဆယ်နှစ်ကတ်တရားမဝင်ကိုင်ထားတွေနဲ့အရာရှိတွေကို ဖမ်းခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဩဂုတ်လ ၂၆ ရက်၊ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီနိုင်ငံခြားသားတွေကို ဆယ်နှစ်ကတ် တရားမဝင်ထုတ်ပေးခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်းတဦး၊ဒေသခံခေါင်းဆောင်နဲ့ သက်သေဆယ်ဦး၊ကိုင်ဆောင်ခဲ့တဲ့တရုတ်တဦးနဲ့ မြန်မာရှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
ဒီနေ့မနက်မှာ ရှာဖွေဝရမ်းတဆယ့်နှစ်ခုနဲ့ သံသယရှိသူနှစ်ဆယ်ဦးကို စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်ရှိသူတွေကိုလည်း ဆက်လက်လိုက်လံရှာဖွေနေတာပါ။
ချင်းမိုင်ရဲတပ်ဖွဲ့က ဒီကတ်နဲ့ပတ်သက်ပြီး စုစုပေါင်းသုံးဆယ့်ခုနစ်ဦးကို တရားစွဲဆိုထားပါတယ်။
ဖမ်းဆီးခံရသူတဦးကတော့ Zero-ID ကတ်ကို အလုပ်အကိုင်ရရှိရေး၊လုပ်သားမှတ်ပုံတင်တာနဲ့ ဘဏ်အကောင့်ဖွင့်ရာမှာ အသုံးပြုခဲ့တယ်လို့ဝန်ခံထားပါတယ်။
အဲဒီကတ်တွေကိုစုံစမ်းရာမှာ ဖော်ပြထားတဲ့လိပ်စာတွေမရှိတာနဲ့ လူနေထိုင်တာမရှိတာတွေကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အခြားခရိုင်တွေမှာရှိတဲ့ နိုင်ငံခြားသားလုပ်သားတွေကို တရားဝင်မှတ်ပုံတင်ထားတာ ရှိ၊မရှိ ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ထိုင်းပြည်ထဲရေး စာရင်းအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ အတွင်း တရားမဝင်ဆယ်နှစ်ခံကတ်ပြား ထုတ်ပေးထားသူ ငါးထောင်လေးဆယ့်လေးဦးရှိခဲ့တာပါ။
ထိုင်းရဲတပ်ဖွဲ့ဟာ လဝကနဲ့ပူးပေါင်းပြီး နိုင်ငံခြားပတ်စပို့ဒေတာတွေကိုစစ်ဆေးကာ ပတ်စပို့ရှိပြီးသားသူတွေ Zero-ID ကတ် ကိုင်ဆောင်ထားရင် ချက်ချင်းရုပ်သိမ်းတာနဲ့ ရပ်ဆိုင်းတာတွေ ပြုလုပ်သွားမယ်လို့ဆိုတယ်။













