Border News Agency
ဂမ်ဘီယာ၊ဇန်နဝါရီ ၂၇။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး (ICJ) ကြားနာပွဲမှာဒုတိယအကျော့ လျှောက်လဲချက်မှာ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေ Mr. Paul Reichler က မြန်မာစစ်တပ်ရဲ့ ခုခံချေပချက်တွေကို အချက်အလက်နဲ့တကွ ပြန်ပြီးချေပခဲ့ပါတယ်။
အဲဒီထဲ မြန်မာဘက်ကတင်ပြတဲ့ အထောက်အထားတွေဟာ စစ်တပ်ကကိုယ်တိုင်ထုတ်ပြန်တဲ့အစီရင်ခံစာတွေ၊စစ်တပ်အရာရှိတွေရဲ့ထွက်ဆိုချက်တွေနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့မီဒီယာတွေရဲ့ ရေးသားချက်တွေအပေါ်မှာပဲ အခြေခံထားတာကြောင့် ခိုင်လုံမှုမရှိဘူးလို့ဆိုပါတယ်။
”မြန်မာဘက်ကတင်ပြတဲ့ အချက်အလက်တွေဟာ စစ်တပ်ရဲ့တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့အတွက် တရားရုံးအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့အခါ အထူးသတိထား သုံးသပ်ဖို့ လိုပါတယ်”။လို့ Paul Reichler က တိုက်တွန်းလျှောက်လဲခဲ့ပါတယ်။
အဲဒီအပြင် နိုင်ငံတကာအဖွဲ့အစည်းရှစ်ဖွဲ့ထက်မနည်းရဲ့ သီးခြားစီစုံစမ်းစစ်ဆေးမှု ရလဒ်တွေဟာလည်း တခုနဲ့တခု ထပ်တူကျနေပြီး စစ်တပ်ရဲ့လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတာ ပြနေတယ်လို့သူက ဆိုပါတယ်။
US State Department၊ Amnesty International၊ International Crisis Group နဲ့ Save the Children အပါအဝင် အဖွဲ့အစည်းအားလုံးရဲ့ကောက်ချက်ဟာ တူညီနေတာကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်က အရပ်သားတွေကို ဝိုင်းရံပိတ်ဆို့ပြီး”အိမ်တိုင်းကို မီးရှို့ဖို့”အမိန့်ပေးခဲ့တာ၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို သတ်ဖြတ်ခဲ့တာတွေအတွက်လည်း သက်သေလေးဆယ်နှစ်ဦးရဲ့ ထွက်ဆိုချက်တွေနဲ့တကွ တင်ပြခဲ့ပါတယ်။
”အမျိုးသမီးတွေအပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တာတွေဟာ ရိုဟင်ဂျာတွေကိုနေရပ်ကနေ ထွက်သွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါ။ ဒါဟာ လူမျိုးစုတခုလုံးကို အမြစ်ပြတ်သုတ်သင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။”လို့ ဂမ်ဘီယာရှေ့နေက လျှောက်လဲခဲ့ပါတယ်။
မြန်မာဘက်ကတော့ ဒါဟာ ARSA အဖွဲ့ကို နှိမ်နင်းတာလို့ ခုခံပြောဆိုနေပေမယ့် လက်တွေ့မှာတော့ လူထုတရပ်လုံးကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ သူက ချေပခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြားနာပွဲတွေမှာ မြန်မာရှေ့နေတွေက ဝေဖန်ခဲ့တာကိုတုံ့ပြန်တဲ့အနေနဲ့ ဒီတကြိမ်မှာတော့ သက်သေအမည်တွေကိုပါ ထည့်သွင်းပြောကြားခဲ့ပြီး စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို တရားရုံးမှာ အထောက်အထား အပြည့်အစုံနဲ့ တင်ပြခဲ့တာ ဖြစ်ပါတယ်။






