Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၂၉။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သလားဆိုတဲ့အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာဘက်က ဒုတိယအကြိမ်အပြီးသတ်လျှောက်လဲချက်ပေးရာမှာ ကုလသမဂ္ဂရဲ့အစီရင်ခံစာတွေဟာ သက်သေစံနှုန်းမပြည့်မီဘူးလို့ ဇန်နဝါရီလ၂၈ ရက်၊ မနေ့က မေးခွန်းထုတ်ချေပခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ ရှေ့နေခရစ္စတိုဖာစတေကာ က အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ရဲ့ အစီရင်ခံစာတွေပေါ်မူတည်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်လို့ရပါသလားဆိုကာ တရားရုံးကိုမေးခွန်းထုတ်လိုက်တာပါ။
အဲဒီအစီရင်ခံစာတွေဟာ တရားရုံးကကျင့်သုံးရမယ့် သက်သေပြမှုစံနှုန်းထက် နိမ့်ကျနေတယ်လို့ သူကဆိုပါတယ်။
အဲဒီအပြင် ဒီအစီရင်ခံစာတွေထဲက သဘောထားအမြင် ဖော်ပြချက်သက်သက်တွေအပေါ် အခြေခံပြီး တရားရုံးကဆုံးဖြတ်ချက်ချမှာလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
အဲဒီလိုအစီရင်ခံစာတွေကိုပဲ အားကိုးပြီးဆုံးဖြတ်တာဟာ တရားရုံးရဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးရေးတာဝန်ကို စွန့်လွှတ်ရာရောက်တယ်လို့လည်း သူကခုခံချေပခဲ့တာပါ။
အဲဒီ ဂမ်ဘီယာနိုင်ငံဘက်က ဇန်နဝါရီလ ၂၇ ရက်နေ့က နောက်ဆုံးလျှောက်လဲချက်ပေးခဲ့ပြီး မြန်မာနိုင်ငံဟာလူမျိုးတုန်းသတ်ဖြတ်မှုကို တကယ်ကျူးလွန်ခဲ့တာဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေအရ အပြည့်အဝယုံကြည်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဂမ်ဘီယာဘက်ကတော့ ICJ တရားရုံးအနေနဲ့ ရိုဟင်ဂျာတွေရဲ့ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့တာဝန်ရှိသလို မြန်မာနိုင်ငံဘက်က စာချုပ်ချိုးဖောက်မှုတွေအတွက်လည်း တာဝန်ခံခိုင်းလိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။






