Border News Agency
ရန်ကုန်၊ ဩဂုတ် ၂၇။
ရန်ကုန်–မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၇ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံအကြားမှာ နိဆန်း X-TRAIL မော်တော်ယာဉ်တစီးတိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ယာဉ်မောင်းအပါအဝင်လေးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဩဂုတ်လ ၂၆ ရက်၊နေ့လည် ၂ နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး နိဆန်း X-TRAIL ယာဉ်ဟာ နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကိုမောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တံတားအဝင် ကွန်ကရစ်နံရံကိုဝင်တိုက်ကာ လမ်းလယ်ကျွန်းထဲတိမ်းမှောက်သွားခဲ့တာပါ။
ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးငါးဦး စုစုပေါင်းခုနှစ်ဦးလိုက်ပါလာခဲ့ပြီး မတော်တဆမှုကြောင့် ယာဉ်မောင်းအမျိုးသားတဦးနဲ့ အမျိုးသမီးသုံးဦးတို့ဟာ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ကျန်တဲ့အမျိုးသားတဦးနဲ့ အမျိုးသမီးနှစ်ဦးမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာကြောင့် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရပါတယ်။
အမြန်လမ်းမကြီးပေါ်မောင်းနှင်ရာမှာ သတ်မှတ်အရှိန်နှုန်းအတိုင်း စနစ်တကျမောင်းနှင်ကြဖို့နဲ့ လမ်းအခြေအနေ၊ ရာသီဥတုနဲ့ ယာဉ်အခြေအနေတွေကိုအထူးဂရုပြုကြဖို့လည်း သတိပေးထားပါတယ်။










