Border News Agency
မြောက်ဦး၊ ဖေဖော်ဝါရီ ၁။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက “အာရက္ခသူနာပြုသင်တန်းကျောင်း” (Arakkha School of Nursing) ကို ဖွင့်လှစ်တော့မှာဖြစ်ပြီး သင်တန်းသားသစ်တွေကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။
အဲဒီ အာရက္ခပြည်သူတွေရဲ့ကျန်းမာရေးကိုစောင့်ရှောက်ပေးမယ့် သူနာပြုမျိုးတေသစ်တွေ မွေးထုတ်ပေးဖို့အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ကစပြီး ခေါ်ယူနေတာဖြစ်ပါတယ်။
အဲဒီသင်တန်းကျောင်းဟာ အာရက္ခပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒီသင်တန်းကို တက်ရောက်လိုသူတွေအနေနဲ့ အာရက္ခပြည်တွင်းမှာအခြေစိုက်နေထိုင်သူဖြစ်ရမှာဖြစ်ပြီး အသက် ၂၅ နှစ်အောက် လူငယ်တွေ ဖြစ်ရပါမယ်။
အဲဒီအပြင် လူမျိုး၊ ဘာသာနဲ့ ကျား/မ မရွေး တန်းတူညီမျှလျှောက်ထားနိုင်တာကြောင့် စိတ်ပါဝင်စားတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတခု ဖြစ်လာမှာပါ။
ပညာအရည်အချင်းအနေနဲ့ စနစ်ဟောင်း ၂၀၂၄ မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေဆိုရင် ဇီဝဗေဒဘာသာတွဲနဲ့ အောင်မြင်ထားရမှာ ဖြစ်ပါတယ်။
ဇီဝဗေဒ၊ ရူပဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ် ၃ ခုပေါင်းရမှတ်ကလည်း ၁၇၀ နဲ့အထက် ရှိဖို့လိုအပ်တယ်လို့ သတ်မှတ်ထားပါတယ်။
တကယ်လို့ ၂၀၂၁ မှ ၂၀၂၅ အတွင်း စနစ်သစ် (Grade 12) အောင်မြင်ထားသူတွေဆိုရင်တော့ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ ရူပဗေဒ ဘာသာရပ်တွေမှာ အနည်းဆုံး Grade C အဆင့်စီ ရရှိထားရမှာပါ။
သင်တန်းသား ရွေးချယ်တဲ့အခါမှာ အဲဒီဘာသာရပ် ၃ ခုပေါင်း ရမှတ်အများဆုံးရသူတွေကို ဦးစားပေး ရွေးချယ်သွားမှာဖြစ်ပါတယ်။
လျှောက်လွှာနဲ့အတူ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ တစောင်၊ (4.5 cm x 4 cm) ပတ်စပို့ဓာတ်ပုံနှစ်ပုံနဲ့ ပညာအရည်အချင်း အထောက်အထားမူရင်းတွေ လိုအပ်ပါတယ်။
ဒါ့အပြင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက် ဒါမှမဟုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်တစောင်လည်း တင်ပြရမှာဖြစ်ပါတယ်။
အဲဒီလျှောက်လွှာတွေကို လာမယ့် ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွေမှာ ပေးပို့ရမှာပါ။
သင်တန်းကာလမှာလေးနှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်ရမှာဖြစ်သလို ပြီးဆုံးရင်လည်း ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။
အဲဒီရွေးချယ်ခံရတဲ့ သင်တန်းသားစာရင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနတွေကနေတဆင့် ပြန်လည်ကြေညာပေးသွားမှာပါ။
အဲဒီအပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနတခုခုမှာ ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲရဲ့ ခွင့်ပြုချက်ပါရှိရမယ်လို့ ဆိုပါတယ်။






