Border News Agency
ဆော၊ ဖေဖော်ဝါရီ ၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ပို့ကြီးကျေးရွာမှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်း ကိုမင်းကိုအောင်ကို မြို့နယ်ပကဖအဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၀ ရက်၊ ည ၁၁ နာရီကျော်မှာ ဆေးခန်းအတွင်းဝင်ရောက်ဖမ်းဆီးပြီး လက်ထိပ်ခတ်ရိုက်နှက်ခဲ့ကြတယ်လို့ ယောအလင်းတန်းကထုတ်ပြန်ထားပါတယ်။
ဦးထန်းမောင်းနဲ့ ဦးရဲကိုတို့ ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦးဟာ သေနတ်တွေနဲ့ မောင်းတင်ချိန်ရွယ်ပြီး မိသားစုဝင်တွေကို ခြိမ်းခြောက်ခဲ့သလို ကိုမင်းကိုအောင်ကိုလည်း ဓားနဲ့ထောက်ကာ အကြောင်းမဲ့ရိုက်နှက်ခဲ့တာကြောင့် မျက်နှာဖူးယောင်ပြီး လည်ကုတ်မှာပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမင်းကိုအောင်က ဖေဖော်ဝါရီလ၄ ရက်မှာ မြို့နယ်ပအဖနဲ့ပလဖအဖွဲ့တွေဆီ တိုင်ကြားခဲ့ပေမယ့် အခင်းဖြစ်ပြီးရှစ်ရက်အထိ ကျူးလွန်သူတွေကိုအရေးယူတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။
အဲဒီအပြင်မြို့နယ်ပကဖ တာဝန်ရှိသူက “မီဒီယာမှာပြန့်ရင် ကိစ္စပိုကြီးသွားမယ်” လို့ မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရိုက်နှက်ခံရသူ ကိုမင်းကိုအောင်တို့မိသားစုဟာ တော်လှန်ရေးအစကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပြီး လက်ရှိမှာအရင်စုဆောင်းထားတာလေးတွေကို ထုခွဲရောင်းချကာ စားသောက်နေထိုင်နေရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။











